မနေ့ညကတော့ ပရီးမီးယားလိဂ်ပွဲတွေကို ပြန်လည်စတင်နိုင်ခဲ့ပြီး ဗီလာနဲ့ရှက်ဖီးအသင်းတို့က ဂိုးမရှိသရေကျခဲ့ပေမယ့် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ အိမ်ရှင်မန်စီးတီးက (၃)ဂိုးပြတ်နဲ့ကို ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ အခုလို ပရီးမီးယားလိဂ်ပြန်စတင်ချိန်မှာ ပြိုင်ဘက်အသင်းကို ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ရတဲ့ အာဆင်နယ်အတွက်တော့ ခါးသီးစရာရလဒ်ဖြစ်စေခဲ့ရတဲ့အပြင် ပွဲချိန်အတွင်းမှာလည်း အသင်းသားတွေ ဒဏ်ရာအနာတရတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ကစားသမားတစ်ယောက်ပါ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

Photo Credit : Sky Sports

မန်စီးတီးလို အသင်းကြီးမျိုးနဲ့ ထိပ်တိုက်ကစားရချိန်မှာ အာဆင်နယ်အသင်းဘက်က အသုံးပြုလာခဲ့တဲ့ လူစာရင်းက အ့ံအားသင့်စရာဖြစ်စေခဲ့ရပြီး လူစာရင်းမှာ လာကာဇက် အိုဇေး ဆိုကရေးတစ် စီဘယ်ယို့စ်တို့ကို အသုံးမပြုလာခဲ့ပဲ ပရီးမီးယားလိဂ် အတွေ့အကြံုနုနယ်သေးတဲ့ အန်ခီတီယာကိုလည်း အထောင်တိုက်စစ်မှာထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစပိုင်းလောက်မှာ အာဆင်နယ်ဟာ အသင်းရဲ့အဓိက ကစားသမား(၂)ယောက်ဖြစ်တဲ့ ကွင်းလယ်လူချာကာနဲ့ နောက်ခံလူပါဘလိုမာရီတို့ ဒဏ်ရာအသီးသီး ရသွားခဲ့လို့ ကစားသမားတွေကို လဲလှယ်ခဲ့တဲ့အပြင် ကစားသမားတွေရဲ့ဒဏ်ရာအခြေအနေတွေကလည်း ထင်ထားတာထက် ဆိုးရွှားဖွယ်ရှိနေပါတယ်။

Photo Credit : Armenian Reporter

ပိုဆိုးတာကတော့ နောက်ခံလူမာရီ ဒဏ်ရာရသွားချိန်မှာ လူစားဝင်လာခဲ့တဲ့ နောက်ထပ်ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်လုဇ်ကလည်း ဒုတိယပိုင်းအစလောက်မှာ သူရဲ့ကစားပုံကြမ်းတမ်းမှုကနေ တိုက်ရိုက်အနီကတ်ပြခံခဲ့ရတာဖြစ်လို့ ရှေ့လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲလောက် လွဲချော်ရတော့မှာဖြစ်ပါတယ်။ အာဆင်နယ်ခွင့်ပြုပေးရတဲ့ သွင်းဂိုးတွေကလည်း ဒေးဗစ်လုဇ်နဲ့ တိုက်ရိုက်ပတ်သက်နေခဲ့ရပြီး ပထမဂိုးက သူရဲ့မသေသပ်လှတဲ့ ရှင်းထုတ်ပုံကနေ စတာလင်းအခွင့်အရေးရသွားခဲ့လို့ ဂိုးပေးလိုက်ရသလို ဒုတိယဂိုးကလည်း သူရဲ့ဖြတ်ထုတ်မှုကနေ ပင်နယ်တီ သတ်မှတ်ပေးလိုက်ရတာကြောင့်ဖြစ်ပါတယ်။ ဒေးဗစ်လုဇ်ကတော့ ဒီိအနီကတ်ပြစ်ဒဏ်ကြောင့် ဘရိုက်တန် ဆောက်သမ်တန် နောရစ်ချ်တို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်တဲ့အပြင် နောက်ထပ်ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ပါဘလိုမာရီကလည်း ဒဏ်ရာရသွားလို့ အာဆင်နယ်အတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ ရမှတ်အနေအထားအရ ချန်ပီယံလိဂ်ထက် ယူရိုပါလိဂ်ဝင်ခွင့်လောက်ပဲ မျှော်မှန်းလို့ရမယ့် အနေအထားမှာ အသင်းသားတွေ ဒဏ်ရာပွဲပယ်တွေနဲ့ ရင်ဆိုင်နေရတော့ အာဆင်နယ်အတွက် အတော်လေးကို အကျပ်ရိုက်စေမှာ သေချာနေပါတယ်။