ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံရှစ်ကလပ် နောဝှစ်ချ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်တိုက်စစ် ကစားသမား ဘွမ်ဒီယာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့် အဆုံးသတ်မှာတော့ ဗီလာအသင်းကို မယှဉ်နိုင်ခဲ့ပဲ ဘွမ်ဒီယာကို လက်လွှတ်ခဲ့ရကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘွမ်ဒီယာဟာ ယခုနှစ် ရာသီမှာ နောဝှစ်ချ်အသင်းကို ချန်ပီယံရှစ် ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် အဓိက ကြိုးပမ်းပေးခဲ့တဲ့ ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ဘွမ်ဒီယာဟာ နံပါတ် ၁၀နေရာ ၊ ညာတောင်ပံ စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ကာ ယခုနှစ် ဘောလုံးရာသီမှာ နောဝှစ်ချ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၁၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကွင်းလယ်တိုက်စစ် နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဘွမ်ဒီယာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ထဲက ကြိုးစားခဲ့တာ ဖြစ်ပေမယ့် နောက်ဆုံးမှာ အာဆင်နယ်အသင်းဟာ နောဝှစ်ချ်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဘွမ်ဒီယာကို လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းနဲ့ ဗီလာအသင်းတို့ဟာ ဘွမ်ဒီယာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဘွမ်ဒီယာကို ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်းနဲ့ ကမ်းလှမ်းခဲ့ချိန်မှာ ဗီလာအသင်းက ဘွမ်ဒီယာကို ပြောင်းရွှေ့ကြေး ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်း + ဘွမ်ဒီယာကို ပြန်လည် ရောင်းချတဲ့ အခါ ရရှိမယ့် အမြတ်ငွေထဲက ရာခိုင်နှုန်း တချို့ ပေးအပ်မယ် ဆိုတဲ့ အချက်တွေနဲ့ ကမ်းလှမ်းခဲ့ပြီး နောဝှစ်ချ်အသင်းက ဗီလာအသင်းရဲ့ ကမ်းလှမ်းချက်ကို သဘောတူ လက်ခံခဲ့ပါတယ်။ ဘွမ်ဒီယာဟာ ဗီလာထက် အာဆင်နယ်အသင်းဆီသာ ပြောင်းရွှေ့ချင်ခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ သူ့ကို ခေါ်ယူဖို့ တက်တက်ကြွကြွ မလှုပ်ရှားခဲ့တဲ့ ကိစ္စကြောင့် ဗီလာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီး လက်ရှိမှာတော့ အာဂျင်တီးနားနိုင်ငံမှာပဲ ဗီလာအသင်းနဲ့ ဆေးစစ်မှုကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ အာဆင်နယ်အသင်း ကတော့ ချစ်တီးကျမှုကြောင့် သူတို့အသင်းရဲ့ ထိပ်သီး နွေရာသီ ပစ်မှတ် ကစားသမား တယောက်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီပဲ ဖြစ်ပါတယ်။