အာဆင်နယ်အသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် နောဝစ်ချ်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဘွမ်ဒီယာကို ကမ်းလှမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပဲ ကစားသမားက အက်စတွန်ဗီလာကို ရောက်ရှိသွားခဲ့တာကြောင့် နောက်ထပ်ကစားသမားတစ်ဦးအဖြစ် ယခင်ကတည်းက အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ရီးယဲလ်ဘက်တစ် ကွင်းလယ်တိုက်စစ်ကစားသမား နာဘီဖယ်ကီအာကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : ESPN

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်နိုင်ငံသား ဖယ်ကီအာဟာ ဘက်တစ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဘက်တစ်အသင်းအတွက် လာလီဂါမှာ သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းကို ယူရိုပါလိဂ်ဝင်ခွင့် ရရှိဖို့အတွက် အဓိကစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေ ရှိခဲ့တဲ့ ဖယ်ကီအာကို အာဆင်နယ်အသင်းကနေ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ခေါ်ယူသွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်လောက်နဲ့ စတင်ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Mirror

လိုင်ယွန်ကစားသမားဟောင်း ဖယ်ကီအာဟာ ယခင်ကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်သလို လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခါနီး ဆေးစစ်မှု ပြုလုပ်ရာမှာ ဒဏ်ရာပြသာနာတစ်ခု ပေါ်လာခဲ့တာကြောင့် အသင်းပြောင်းဖို့ ပျက်ပြယ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ဘက်တစ်အသင်းဆီကိုသာ ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။ ဘက်တစ်အသင်းမှာတော့ ဖယ်ကီအာဟာ အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လို့နေပြီး အသင်းနဲ့လည်း (၂)ရာသီအထိ ဖြတ်သန်းထားနိုင်ခဲ့ပါတယ်။ ဒီ ကစားသမားကို လက်ရှိအချိန်မှာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦး လိုအပ်နေတဲ့ အာဆင်နယ်အသင်းကနေ ပစ်မှတ်ထားလျက်ရှိနေပြီး ဘက်တစ်အသင်းဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို တိုးမြင့်တောင်းဆိုဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ဘွမ်ဒီယာကို မခေါ်ယူနိုင်ခဲ့တဲ့အပြင် ဒန်နီစီဘယ်ယို့စ်နဲ့ မာတင်အိုဒီဂတ်တို့ကို ရီးယဲလ်အသင်းဆီ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်တာကြောင့် တိုက်စစ်အားသန်တဲ့ ကွင်းလယ်လူတစ်ယောက်ကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။