ဘောလုံးရာသီတစ်ခု အဆုံးသတ်ဖို့အချိန်က နီးလာပါပြီ။ ဒီအချိန်မှာ အသင်းတချို့က လာမယ့်ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကစားသမားသစ်တွေကို စတင်ပစ်မှတ်ထားတာမျိုးတွေ ရှိနေပြီး အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ကစားသမားတွေရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့ပါ စီစဉ်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီလို ပြင်ဆင်နေတဲ့ အသင်းတွေထဲကမှ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့အကြောင်းတွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Arsenal

အာဆင်နယ်အသင်းကတော့ ဘောလုံးပရိသတ်တွေ သိကြတဲ့အတိုင်း ဒီရာသီမှာ အတော်လေးကို အကျဘက်ကိုပဲ ရောက်ရှိနေရပြီး လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရရှိဖို့တောင် မလွယ်ကူတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ အသင်းရဲ့နေရာစုံမှာ ပြုပြင်စရာတွေလည်း ရှိနေသလို ကစားသမားတချို့ကလည်း အသင်းနဲ့ လမ်းခွဲဖို့ စီစဉ်နေတာကြောင့် လာမယ့်နွေမှာတော့ အသင်းအတွက် ကစားသမားသစ် တော်တော်များများကို ခေါ်ယူရနိုင်ပါတယ်။ ကံကောင်းတာကတော့ အသင်းပိုင်ရှင်တွေအနေနဲ့ အသင်းက ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင်တောင် အသင်းအတွက် အသုံးစရိတ် အများအပြားကို ထုတ်ပေးသွားမယ်လို့ ပြောဆိုထားတာပါပဲ။

Photo Credit : Just Arsenal

အာဆင်နယ်အသင်း လတ်တလော စိတ်ဝင်စားနေတဲ့ ကစားသမားတွေထဲမှာ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမား ရှက်ဖီးယူနိုက်တက် ကွင်းလယ်လူ ဆန်ဒါဘာ့ချ် နောဝစ်ချ်နောက်ခံအစွန်လူ မက်အာရွန်စ် ဆောက်သမ်တန် နောက်ခံအစွန်လူ ရိုင်ယန်ဘာထရန်နဲ့ ဘရန်ဖိုဒ့်ဂိုးသမား ဒေးဗစ်ယာရာတုုိ့ ဖြစ်ပါတယ်။ ဒီကစားသမားတွေကိုတော့ အာဆင်နယ်အသင်းဘက်ကနေ အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး အရခေါ်ယူချင်နေတဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းအတွက် ဘစ်ဆူးမားနဲ့ ဆန်ဒါဘာ့ချ်တို့ (၂)ဦးကို အလိုရှိနေပြီး အငှားချထားတဲ့ တော်ရဲရားနဲ့ အသင်းရဲ့ ကွင်းလယ်လူ ချာကာတို့ရဲ့ အနာဂတ်တွေက မရေမရာ ဖြစ်နေတဲ့အတွက် သူတို့ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့ ဘစ်ဆူးမားတို့(၂)ဦးကို ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ ဒါ့အပြင် နောက်တန်းမှာလည်း ဘယ်အစွန် ညာအစွန်နေရာတွေအတွက် လူငယ်ကစားသမားလေး အာရွန်နဲ့ ဘာထရန်တို့ကို ချိန်ရွှယ်နေပြီး အသင်းနဲ့ လမ်းခွဲရဖို့ နီးစပ်နေတဲ့ ဂိုးသမားလေနိုရဲ့နေရာမှာတော့ ဘရန်ဖိုဒ့်ဂိုးသမား ယာရာကို အလိုရှိနေသလို ဘရိုက်တန်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ မတ်ရိုင်ယန်ကိုလည်း အပြီးသတ်ခေါ်ယူချင်နေပါတယ်။