ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ၂၀၁၉ခုနှစ်မှာ ပြင်သစ်ကလပ် စိန့်အက်တီယန်အသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၇သန်းနဲ့ ခေါ်ယူထားတဲ့ ပြင်သစ် လူငယ် နောက်ခံလူ ဆာလီဘာကို လာမယ့် ဘောလုံးရာသီမှာလည်း ထပ်မံ အငှားချဦးမယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ပြင်သစ် နောက်ခံလူ ဆာလီဘာဟာ အာဆင်နယ်အသင်းထံ ရောက်ရှိလာချိန်မှာ အသင်းအတွက် အားထားရမယ့် ကစားသမား တဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာဟာ ဆာလီဘာရဲ့ ကစားပုံကို သဘောမကျတာကြောင့် အသင်းအတွက် နောက်ထပ် ဗဟိုခံစစ်မှူး တဦးကို ရှာဖွေနေပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ အာဆင်နယ်အသင်းဟာ ဆာလီဘာကို အခြားအသင်းတွေထံ နောက်ထပ် တရာသီ အငှားချဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ ပြင်သစ် နာမည်ကြီးကလပ် မာဆေးလ်အသင်းဟာ ဆာလီဘာကို ခေါ်ယူဖို့ ချိတ်ဆက်နေကာ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

ဆာလီဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြင်သစ်ကလပ် နိုက်စ်အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပြင်သစ် လီဂူးဝမ်းရဲ့ အကောင်းဆုံး လူငယ် နောက်ခံလူ အဖြစ် သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

Photo Credit: Express

ဒါကြောင့်လဲ မာဆေးလ်အသင်းဟာ ဆာလီဘာကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာလီဘာအတွက် အာဆင်နယ်နဲ့ မာဆေးလ်တို့ ကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ကာ မကြာခင် ရက်ပိုင်း အတွင်းမှာပဲ ဆာလီဘာဟာ မာဆေးလ်ရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သိရှိရပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိသာ စာချုပ်သက်တမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အကယ်၍ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးသည်အထိ မာဆေးလ်အသင်းမှာ ကစားခဲ့ပြီး အသင်းထံ ပြန်လည် ရောက်ရှိတဲ့အချိန်မှာ အသင်းဘက်က သူ့ကို ပုံမှန် ပွဲထွက်ခွင့် မပေးနိုင်ပါက လာမယ့် ဘောလုံးရာသီ အကုန်မှာ အသင်းပြောင်းဖို့ စဉ်းစားနိုင်ကြောင်း ဆာလီဘာနဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။