ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့အသင်းထံ တစ်ရာသီအငှားနဲ့ လာရောက် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ စီဘယ်လော့စ်ကို တစ်ရာသီအငှားနဲ့ ထပ်မံ ခေါ်ယူနိုင်တော့မယ် လို့ သိရပါတယ်။ အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ကွင်းလယ်လူ စီဘယ်လော့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိသူ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦး မဟုတ်တာကြောင့် လာမယ့် ဘောလုံးရာသီအတွက် အငှား ထွက်ကစားရတာလည်း ဖြစ်ပါတယ်။

Photo Credit: AS English

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ စီဘယ်လော့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်း ကနေ အာဆင်နယ်အသင်းထံကို တစ်ရာသီ အငှားနဲ့ ထပ်မံ ပြောင်းရွှေ့ ကစားမှာ ဖြစ်ပြီး အပြောင်းအရွှေ့ ပြီးမြောက်ကြောင်းကို အာဆင်နယ်အသင်းဟာ မကြာမီမှာပဲ ကြေညာဖွယ် ရှိတယ် လို့ သိရပါတယ်။ အဆိုပါ သတင်းကို နာမည်ကြီး သတင်းထောက် ဖြစ်သူ Fabrizio Romano က အတည်ပြု ပေးထားပြီး စီဘယ်လော့စ် ဟာ စပိန်ကလပ်တွေနဲ့ အီတလီကလပ်တွေဆီ ကနေ ကမ်းလှမ်းမှု ၃ကြိမ်အထိ ရရှိခဲ့ပေမယ့် ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချခဲ့ကာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း Romano က ထပ်မံ ပြောဆိုထားခဲ့ပါတယ်။

Photo Credit: AS English

စီဘယ်လော့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် စီဘယ်လော့စ်ဟာ အာဆင်နယ်အသင်းရဲ့ နည်းပြသစ်ဖြစ်သူ အာတီတာရဲ့ လက်အောက်မှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်း အနေနဲ့ အက်ဖ်အေဖလားကို ရရှိခဲ့တဲ့ နေရာမှာလည်း စီဘယ်လော့စ်ရဲ့ ခြေစွမ်းတွေဟာ အဓိကကျတဲ့ နေရာတစ်ခုမှာ ရှိနေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဝီလီယံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ကာ ဂါဘရီရယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်းဝန်းကျင်နဲ့ ခေါ်ယူထားခဲ့တာကြောင့် စီဘယ်လော့စ်ဟာ အာဆင်နယ်အသင်းရဲ့ အသင်းကြီးအတွက် တတိယမြောက် လူခေါ်ယူမှု ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။