အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ ကိုဗစ် ကပ်ရောဂါကာလ အတွင်း အသင်းရဲ့ ငွေကြေးလည်ပတ်မှုပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရတာတွေကို လျှော့ချဖို့ အတွက် အင်္ဂလန်ဘဏ် ကနေ ချေးငွေ အဖြစ် ပေါင် သန်း ၁၂၀ အထိ ချေးထားရတယ်လို့ သိရပါတယ်။ အဆိုပါ ချေးငွေကိုတော့ မေလ ကုန်တဲ့ အချိန်ကျရင် ပြန်ဆပ်ရမှာ ဖြစ်ပြီးတော့ ဆုံးရှုံးတာတွေကို ကာမိဖို့ အတွက် ပေးဆောင်ရမယ့် အတိုးပမာဏကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။ ဒါ့အပြင် အဆိုပါ ချေးငွေကိစ္စဟာ မိုက်ကယ် အာတီတာရဲ့ ဆောင်းရာသီ ဈေးကွက် အစီအစဉ်နဲ့ ပတ်သက်ပြီး ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Photo Credit: Daily Mail

အဆိုပါ ချေးငွေကိုတော့ ဘဏ်ရဲ့ ကိုဗစ် ကော်ပိုရိတ်ငွေကြေးထောက်ပံ့မှု အဖွဲ့အစည်းက ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့အစည်းဟာ တိကျတဲ့ ရင်းနှီးမြှုပ်နှံမှု စံနှုန်းများ နဲ့ ကိုက်ညီပြီး‌တော့ စီးပွားရေးကို သိသာထင်ရှားတဲ့ ပံ့ပိုးမှု‌တွေပြုလုပ် နေတဲ့ အဖွဲ့အစည်း‌တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အာဆင်နယ် အသင်းအပြင် တော့တင်ဟန် ဟော့စပါး အသင်းနဲ့ ဘောလုံးအဖွဲ့တို့ကလည်း အဆိုပါ အစီစဉ်ကို အသုံးပြုခဲ့သေးပါတယ်။ ကပ်ရောဂါကြောင့် အခြားသော အသင်းတွေလိုပဲ အာဆင်နယ် အသင်းဟာလည်း ပွဲကစားတာကနေ ရရှိတဲ့ အ‌ထွေထွေဝင်ငွေ တွေဟာလည်း အကြီးအကျယ် ထိခိုက်ပြီး‌တော့ ကျဆင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကမှ ပရိသတ်အယောက် ၂၀၀၀ ခန့် ကွင်းအတွင်း ပြန်လည်ဝင်ရောက် အားပေးလာနိုင်တာကြောင့် လက်မှတ်ရောင်းချငွေကနေ အနည်းငယ် အသက်ရှုချောင်လာခဲ့တယ်လို့တော့ ဆိုရပါမယ်။

Photo Credit: Daily Mail

ပြီးခဲ့တဲ့နှစ် ဧပြီလ က အာဆင်နယ် အသင်းထောက်ခံသူတွေ ရဲ့ လေ့လာချက်အရ နောက် ၁၂ လအထိ ပရိတ်သတ် ဝင်ရောက် အားပေးနိုင်ခွင့်မရှိဘူးဆိုရင် ပေါင် ၁၄၄ သန်းအထိ ဆုံးရှုံးရနိုင်တယ်ဆိုပြီး ခန့်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။ ဘဏ်တွေရဲ့ ရေတိုချေးငွေ သဘောတရားဟာ မျက်ခုံးလှုပ်စရာ အခြေအနေ ဖြစ်ပေမယ့်လည်း အာဆင်နယ် အသင်းအနေနဲ့ အဆိုပါ ချေးငွေကို ပြန်ဆပ်ရာမာ ပြဿနာ တစ်စုံတစ်ရာ ရှိမာ မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။ အာဆင်နယ် အသင်း တာဝန်ရှိသူတွေ အနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ အသုံးစရိတ်တွေ လျှော့ချဖို့ အတွက် ပြင်ဆင်နေပြီးတော့ အဆိုပါ စာရင်းထဲမှာ မကြာခင် ရက်အနည်းငယ် အတွင်းမှာ အသင်းနဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရတော့မယ့် မီဆွတ် အိုဇေးလ် လည်း ပါဝင်နေပါတယ်။ အိုဇေးလ် နဲ့ အသင်းရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမာ ဖြစ်ပေမယ့်လည်း တာဝန်ရှိသူတွေကတော့ အိုဇေးလ်ကို ပေးရတဲ့ လစာကြောင့် အသင်းကနေ အမြန်ထွက်ခွာစေလိုနေပါတယ်။ အိုဇေးလ် ကို ခေါ်ယူချင်နေတဲ့ အသင်းတွေ အနေနဲ့ကလည်း တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ မတတ်နိုင်တာကြောင့် ဒီလ အတွင်းဖြစ်ပေါ်လာနိုင်တဲ့ အိုဇေးလ် ရဲ့ အပြောင်းအရွှေ့ကိစ္စတွေ က ရှုပ်ထွေးနိုင်ချေ ရှိနေပါတယ်။