ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့က ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်ရဲ့ အဓိက နောက်ခံလူ ပါချိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် ကိုလံဘီယာ လက်ရွေးစင် ခံစစ်မှူး ဝီလီယံ ပါချိုက ဗဟိုခံစစ်နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘယ်လ်ဂျီယံကလပ် အန့်တ်ဝပ် ကနေ ဖရန့်ဖတ်ဆီ ပြောင်းရွှေ့လာခဲ့ကာ ဖရန့်ဖတ်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၉သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: 90Min

ဝီလီယံ ပါချိုက ဘယ်ခြေအားသန် ဗဟိုခံစစ်မှူး ဖြစ်ပြီး အရပ်အမြင့် ၆ပေ ၁လက်မ ရှိတာကြောင့် အမြင့်ဘော ရှင်းထုတ်နိုင်စွမ်း မြင့်မားသလို လျင်မြန်တာကြောင့် ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက် တားဆီးရာမှာလည်း ထူးချွန်ပါတယ်။

ပါချိုရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ အဝေးဘော ပေးပို့နိုင်စွမ်း ဖြစ်ပြီး သူက ခံစစ်ကြောင်းကနေ တိုက်စစ်ဆီ ဘောလုံးကို တိုက်ရိုက် ကန်တင်ပေးပို့ရာမှာ ထူးချွန်ကာ ဒီရာသီမှာ သွင်းယူထားတဲ့ ဖရန့်ဖတ်ရဲ့ သွင်းဂိုး တချို့ဟာ ပါချိုရဲ့ အဝေးဘောတွေ ကနေ မြစ်ဖျားခံခဲ့တာပါ။

Photo Credit: Football Transfer

လက်ရှိမှာတော့ အာဆင်နယ်နဲ့ လီဗာပူးတို့က မော်ဒန် ဗဟိုခံစစ်မှူး တဦးမှာ လိုအပ်တဲ့ အရည်အသွေး အားလုံးကို ပိုင်ဆိုင်ထားတဲ့ ပါချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ကာ ပါချိုရဲ့ ခြေစွမ်းကို အကဲခတ်မှုတွေ လုပ်ထားကြပြီး ပါချိုက ဒီရာသီမှာ ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။

နာမည်ကြီး ဂျာမဏီ သတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်နဲ့ လီဗာပူးတို့က ပါချိုကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားကြသလို နှစ်သင်းစလုံးက လာမယ့် နွေဈေးကွက်မှာ ပါချိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားဖွယ် ရှိနေကာ ဖရန့်ဖတ်ကတော့ သူတို့ရဲ့ အဓိက ဗဟိုနောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရှိရပါတယ်။