ပြင်သစ်လီဂူးရဲ့အင်အားကြီး ကလပ်အသင်းဖြစ်သလို ဒီနှစ်ဘောလုံးရာသီအတွင်း ဥရောပချန်ပီယံလိဂ်ဖလားကိုပါ ရယူနို်င်ဖွယ်ရှိတဲ့ အသင်းအဖြစ် ရေပန်းစားလို့နေတဲ့ ပီအက်စ်ဂျီအသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့တဲ့ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂေးအသင်းရဲ့ နယ်သာလန် လူငယ်တောင်ပံကစားသမားလေး နိုအာလန်းကို အာဆင်နယ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပြီး လာမယ့်နွေစျေးကွက်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FootballTalk

အသက်(၂၂)နှစ်အရွှယ်သာရှိနေသေးတဲ့ နယ်သာလန်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမားလေး နိုအာလန်းဟာ ဖီယင်နော့ အေဂျက်စ်တို့လို နယ်သာလန်ထိပ်သီး ကလပ်အသင်းတွေမှာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ကလပ်ဘရုဂေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာရာကနေ အသင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းပြခဲ့လို့ ဘရုဂေးက နိုအာလန်းကို အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘယ်ခြမ်းညာခြမ်း တောင်ပံနှစ်ဖက်လုံးမှာ ခြေစွမ်းပြ ကစားနိုင်သူဖြစ်ပြီး လိုအပ်ရင်လည်း အထောင်တိုက်စစ်မှူးအဖြစ်နဲ့ပါ ကစားနိုင်တဲ့ နိုအာလန်းဟာ ပီအက်စ်ဂျီနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်ဘရုဂေးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ခံခဲ့ရပါသေးတယ်။

Photo Credit : Youtube

ဒီလို ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ ကစားသမားလေး နိုအာလန်းကို ကလပ်အသင်းများစွာကနေ စောင့်ကြည့်လာခဲ့ပြီး ဒီထဲကမှ နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းက ဒီကစားသမားကို အလိုရှိဆုံး အသင်းတစ်သင်း ဖြစ်လာခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် ငွေကြေးအသုံးဆုံး ကလပ်အသင်း ဖြစ်နေပေမယ့်လည်း အသင်းရဲ့ ခြေစွမ်းပိုင်းက အားရစရာ အနေအထားမှာ ရှိမနေသေးတာကြောင့် လာမယ့်စျေးကွက်တွေအတွင်းမှာ အသင်းအတွက် အင်အားဖြည့်တင်းမှုတွေကို ထပ်မံလုပ်ဆောင်ချင်နေသလို အားနည်းနေသေးတဲ့ တိုက်စစ်ပိုင်းအတွက်ကိုပါ နိုအာလန်းလို အရည်အသွေး ပြည့်ဝလှတဲ့ လူငယ်ကစားသမားမျိုးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ နိုအာလန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ကလပ်ဘရုဂေးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၀) ပါဝင်ကစားထားပြီးနောက်မှာ သွင်းဂိုး(၄)ဂိုး ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားပြီး အသင်းရဲ့ ပွဲစဉ်အများစုကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ လက်ရှိ်မှာတော့ နိုအာလန်းရဲ့ တန်ကြေးက ယူရို(၂၂)သန်းခန့် ရှိနေပေမယ့် ၂၀၂၅ခုနှစ်အထိ် စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ဘရုဂေးအသင်းဘက်ကနေ သူတို့ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို တိုးမြှင့်သတ်မှတ်နိုင်ပါတယ်။