အာဆင်နယ်အသင်းကတော့ ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့အပြင် အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ညာနောက်ခံကစားသမား ဟက်တာဘယ်လာရင်ရဲ့နေရာမှာ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် လူငယ်နောက်ခံအစွန်လူဟောင်းတစ်ယောက်ဖြစ်တဲ့ လမ်တေးနဲ့ ပြန်လည်အစားထိုးသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို လာမယ့်ဆောင်းစျေးကွက်အတွင်းမှာလည်း အာဆင်နယ်အသင်းအနေနဲ့ စျေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်လို့လည်း သိရှိရပါတယ်။

Photo Credit : Arsenal

အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်နောက်ခံအစွန်လူ ဘယ်လာရင်ကို ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာက ဘယ်လာရင်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ဘယ်လာရင်ကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ စိတ်ဝင်စားလျက်ရှိနေတဲ့အပြင် ဘာစီလိုနာဥက္ကဌဟောင်း လာပေါ်တာကလည်း သူသာအသင်းရဲ့ ဥက္ကဌပြန်ဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ကစားသမားဟောင်း ဘယ်လာရင်ကို အသင်းဆီ ပြန်လည်ခေါ်ယူပေးသွားမယ်လို့ပါ ကတိပေးထားခဲ့ပါသေးတယ်။

Photo Credit : Goal

တကယ်လို့ ကစားသမားကိုယ်တိုင်ကပါ ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေခဲ့မယ်ဆိုရင်တော့ အာဆင်နယ်ဘက်က ဘယ်လာရင်ရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်ဖို့ အသက်(၂၀)အရွှယ် အင်္ဂလန်လူငယ်နောက်ခံကစားသမားလေး လမ်တေးကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လမ်တေးဟာ ချယ်လ်ဆီးမှာ နေရာရဖို့ မလွယ်ကူနိုင်တဲ့အတွက် ပြီးခဲ့တဲ့ဆောင်းစျေးကွက်အတွင်းမှာပဲ ဘရိုက်တန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ရတာဖြစ်ပြီး ဘရိုက်တန်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် သူ့ကို ဘိုင်ယန်မြူးနစ် အသက်လက်တီကိုမက်ဒရစ်နဲ့ မန်စီးတီးအသင်းတွေကပါ ပစ်မှတ်ထားလာခဲ့သလို အခုလည်း အာဆင်နယ်အသင်းကပါ ဘယ်လာရင်ရဲ့နေရာအတွက် စတင်စိတ်ဝင်စားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ မကြာခင်မှာ စတင်ဖွင့်လှစ်သွားတော့မယ့် ဆောင်းစျေးကွက်အတွင်းမှာ ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို ဦးစားပေးခေါ်ယူသွားဖွယ် ရှိလို့နေပါတယ်။