အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေ ရပ်နားထားရချိန်မှာ ဘောလုံးအသင်းတွေ ဘောလုံးဝက်ဆိုဒ်တွေကနေ သူတို့ရဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကစားသမား အကောင်းဆုံးအခိုက်အတန့် အကောင်းဆုံးသွင်းဂိုး စသဖြင့် အကြောင်းအရာတော်တော်များများကို မဲပေးရွေးချယ်မှုတွေ လုပ်ဆောင်လာခဲ့ရာ နာမည်ကျော် ဗြိတိန်သတင်းမီဒီယာကြီးဖြစ်တဲ့ The Sun ကနေလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတလျှောက် အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲကမှ တစ်ဦးတည်းကို ရွေးချယ်မဲပေးခိုင်းရာ အာဆင်နယ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး သီယာရီအွန်နရီက အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၂၈)ဂိုးအထိ သွင်းယူထားနိုင်ခဲဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်းကြီး အွန်နရီဟာ နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြဲတမ်းဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရူနီတို့ထက် သာလွန်ပြီး ပရိသတ်ပေါင်း (၃)သောင်းကျော်ဆီကနေ မဲပေးမှု (၃၈)% နဲ့ ပထမနေရာအဖြစ် ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။ အွန်နရီရဲ့နောက်မှာတော့ ရှီးယားက ဒုတိယ ရူနီက တတိယ အဂူရိုက စတုတ္ထနဲ့ ဒရော့ဘာက ပဥ္စမနေရာတွေမှာ အသီးသီးရွေးချယ်ထားခံခဲ့ရပါတယ်။

Photo Credit : BBC

လက်ရှိမှာ အသက်(၄၂)နှစ်အရွှယ်ရှိလို့နေပြီး မေဂျာလိဂ်ကလပ် မွန်နီရယ်အင်းပတ်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်လို့နေတဲ့ သီယာရီအွန်နရီဟာ ၁၉၉၉ခုနှစ်မှာ ဂျုဗင်တပ်စ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှာ ၂၀၀၇ခုနှစ်အထိ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲဲ့ကာ အသင်းရဲ့ သွင်းဂိုးတာဝန်တွေကို အကောင်းဆုံးထမ်းပိုးနိုင်ခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလားကိုရော အက်အေဖလားကိုပါ (၂)ကြိမ်တိုင်ဆီ ဆွတ်ခူးနိုင်ခဲ့ကာ ချန်ပီယံလိဂ်မှာတော့ ဒုတိနေရာအထိ ရောက်ရှိနိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး အဲ့ဒီကတစ်ဆင့် အမေရိကန် ဘောလုံးကလပ်အသင်း နယူးယော့ခ်ရက်ဘူးအသင်းဆီ ထပ်မံပြောင်းရွှေ့ခဲ့ကာ ၂၀၁၂ခုနှစ်မှာလည်း အာဆင်နယ်အသင်းဆီကို အငှားကစားသမားအဖြစ် ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ လက်ရှိတော့ ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ အွန်နရီဟာ ဘယ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြ မိုနာကိုအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်ပြီးနောက် လတ်တလောမှာ မေဂျာလိဂ်ကလပ် မွန်နီရယ်အင်းပတ်အသင်းရဲ့ နည်းပြအဖြစ် ထမ်းဆောင်လို့နေပါတယ်။