အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းဟာ သူတို့အသင်းရဲ့နည်းပြ ဂျေဆန်တင်ဒဲလ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် အင်္ဂလန်နောက်ခံကစားသမားဟောင်းကြီး ဂျိုနသန်ဝုဒ်ဂိတ်ကို အသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်လို့ထားပြီး အမေရိကန် မေဂျာလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မွန်ထရီရယ်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်လို့နေတဲ့ အာဆင်နယ် ဂန္တဝင်တိုက်စစ်မှူးကြီး သီယာရီအွန်နရီကိုလည်း အသင်းရဲ့နည်းပြသစ်အဖြစ် တာဝန်ပေးသွားဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : talkSPORT

ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီကို တန်းဆင်းသွားခဲ့ရတဲ့ ဘုန်းမောက်အသင်းဟာ အသင်းရဲ့ရလဒ်တွေ ဆိုးရွှားလာနေမှုကြောင့် ရှက်ဖီးဝင့်စ်ဒေးအသင်းကို အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်ပြီးနောက်မှာ တင်ဒဲလ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဝုဒ်ဂိတ်ကို အသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းမောက်ဟာ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် နည်းပြတစ်ဦးကို ရှာဖွေလျက်ရှိနေပြီး အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြ ဂျွန်တယ်ရီ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်တို့ကလည်း ဒီနည်းပြရာထူးအတွက် ရေပန်းစားလို့နေပြီး လတ်တလောမှာ မွန်ထရီရယ်နည်းပြ အွန်နရီနဲ့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အာဆင်နယ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်းကြီး အွန်နရီဟာ ကစားသမားဘဝကနေ နည်းပြဘဝကို ကူးပြောင်းချိန်မှာပဲ ဘယ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် စတင်ဆောင်ရွှက်ခဲ့သလို သူရဲ့နည်းပြချုပ်တာဝန်ကိုတော့ မိုနာကိုအသင်းမှာ စတင်ခဲ့ပါတယ်။ အွန်နရီဟာ မိုနာကိုမှာတော့ အသင်းကို ရလဒ်ကောင်းတွေ မယူဆောင်ပေးနိုင်ခဲ့တာကြောင့် ပွဲအနည်းငယ် ကိုင်တွယ်ခဲ့ရပြီး အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရကာ ၂၀၁၉ခုနှစ်မှာပဲ မေဂျာလိဂ်ကလပ် မွန်ထရီရယ်အသင်းကို ရောက်ရှိခဲ့ရပါတယ်။ အွန်နရီဟာ မွန်ထရီရယ်အသင်းနဲ့ (၂)နှစ်စာချုပ်သာ ချုပ်ဆိုထားခဲ့တာဖြစ်လို့ အခုနှစ် ၂၀၂၁ခုနှစ်အကုန်မှာပဲ အသင်းနဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် သူ့ကို ဘုန်းမောက်အသင်းဘက်ကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အွန်နရီဟာ နည်းပြဘဝမှာ အောင်မြင်မှုတွေ ဘာမှကို မရယူနိုင်သေးပေမယ့်လည်း ကစားသမားဘဝက သူရဲ့အောင်မြေဖြစ်ခဲ့တဲ့ အင်္ဂလန်မြေမှာတော့ နည်းပြအဖြစ် လုံးဝမဆောင်ရွှက်ဖူးသေးတာကြောင့် ဘုန်းမောက်အသင်းဘက်က ကမ်းလှမ်းချက်ကို အွန်နရီဘက်ကနေ အသေအချာ စဉ်းစားဖွယ် ရှိလာနိုင်ပါတယ်။