အီတလီ စီးရီးအေရဲ့ လက်ရှိချန်ပီယံ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဂျာမနီဂိုးသမား ဘန့်လေနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ဆန္ဒမရှိတာကြောင့် ဒီအပြောင်းအရွှေ့က အထမြောက်နိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ဂိုးသမားလေနိုဟာ ၂၀၁၈ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ပင်တိုင်ဂိုးသမားတစ်ဦး ဖြစ်နေပေမယ့်လည်း အာဆင်နယ်က ဒီနွေစျေးကွက်မှာ အင်္ဂလန်ဂိုးသမား အာရွန်ရမ်းစ်ဒဲလ်ကို ရှက်ဖီးယူနိုက်တက်ကနေ ခေါ်ယူထားတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ လေနိုကို လက်လွတ်လိုက်ဖွယ် ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်နဲ့ လမ်းခွဲဖို့ အစီအစဉ် ရှိလာခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေရှိနေတဲ့ လေနိုကို စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းကနေ အလိုရှိလာခဲ့သလို ဘွန်ဒစ်လီဂါက ကလပ်အသင်းတွေကလည်း လေနိုကို ဂျာမနီမြေဆီ ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားလာကြပါတယ်။ ဒါပေမယ့် အီတလီအခြေစိုက် Tuttosport ရဲ့ ဖော်ပြချက်တွေအရ အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဂိုးသမားပိုင်းအတွက် လေနိုနဲ့ အေဂျက်စ်အသင်းက ဂိုးသမားဖြစ်သူ အိုနာနာတို့ကို ပစ်မှတ်ထားလျက်ရှိနေပြီး ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ အသုံးပြုစရာမလိုတဲ့ လေနိုကိုသာ ခေါ်ယူဖွယ် ရှိနေပါတယ်။ အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဂိုးသမားပိုင်းမှာ ဟန်ဒါနိုဗစ် ရာဒူအပါအဝင် ဂိုးသမား(၄)ယောက် ရှိနေပေမယ့် ဟန်ဒါနိုဗစ်က အသက်အရွှယ်အရ (၃၇)နှစ် ရောက်ရှိနေတာကြောင့် အသင်းအတွက် ထိပ်တန်းဂိုးသမားတစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာဟာ စီးရီးအေ ချန်ပီယံဖြစ်ထားပေမယ့် ကိုဗစ်ကာလအတွင်း ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ထားရတာကြောင့် ကစားသမားသစ် ခေါ်ယူရာမှာ အငှား ဒါမှမဟုတ် အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ကမ်းလှမ်းရဖွယ် ရှိနိုင်ပြီး ဒီနှစ်နွေမှာလည်း အသင်းရဲ့ အသုံးစရိတ်က ယူရိုသန်း(၃၀)ဝန်းကျင်ခန့်လောက်သာ ရှိနေရပါတယ်။