နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းရဲ့ ယူကရိန်း တောင်ပံကစားသမား မိုက်ခေလိုမူဒရစ်ခ်ကို အာဆင်နယ်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ယူကရိန်းလက်ရွေးစင် တောင်ပံကစားသမား မူဒရစ်ခ်ဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာပဲ အာဆင်နယ်အသင်းဆီ ရောက်ရှိဖို့ နီးစပ်ခဲ့သူဖြစ်သလို လက်ရှိအချိန်ထိ အာဆင်နယ် အပါအဝင် ကလပ်အသင်းများစွာ အလိုရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်နေရပါတယ်။ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှက်တာဒိုးနက်အသင်းအတွက် အထူး ခြေစွမ်းပြနေတဲ့ မူဒရစ်ခ်ကို ဥရောပက ကလပ်အသင်း တော်တော်များများက ပိုမို စိတ်ဝင်စားလာကြပြီး လာမယ့် ဆောင်းဈေးကွက်မှာပဲ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာဖို့ ရှိနေပါတယ်။

Photo Credit : TEAMtalk

ပရီးမီးယားလိဂ်ရဲ့ အကြီးတန်း ကစားသမားသစ်တစ်ဦးက မူဒရစ်ခ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး လာမယ့်(၁၂)လအတွင်း ဒီကစားသမားက ပရီးမီးယားလိဂ်မှာ ကစားရလိမ့်မယ်ဆိုတာ သေချာကြောင်း ထင်မြင်ချက် ထုတ်ထားခဲ့တဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ပါဝင်ချင်ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် လီဗာပူးလ်နဲ့ နယူးကာဆယ်တို့က မူဒရစ်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေအရဆိုရင်လည်း နယူးကာဆယ်က ပေါင်သန်း(၅၀)နဲ့ပါ ကမ်းလှမ်းလာဖို့အထိ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။ ဆော်ဒီမင်းသားရဲ့လုပ်ငန်းစုကြီးက ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းဟာ ပိုင်ရှင်သစ်တွေလက်ထက် ဖြတ်သန်းခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက် နှစ်ခုအတွင်းမှာ ကစားသမားသစ်တွေအတွက် ငွေကြေးသုံးစွဲမှုတွေ ခပ်များများ လုပ်ဆောင်နိုင်ခဲ့သလို လာမယ့် ဆောင်းဈေးကွက်ထဲမှာလည်း လက်စတာ ကွင်းလယ်လူ ဂျိမ်းမက်ဒီဆန်နဲ့ ရှက်တာ တောင်ပံကစားသမား မူဒရစ်ခ်တို့လို ခေါ်ယူပြီး အသင်းရဲ့ အားနည်းနေသေးတဲ့ တိုက်စစ်ပိုင်းအတွက် အားဖြည့်တင်းဖွယ် ရှိနေပါတယ်။