အခုဇွန်လကုန်လို့ ဇူလိုင်လထဲကို ရောက်ရှိပြီဆိုတာနဲ့ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကြတော့မယ့် ကစားသမားတွေ အများအပြားရှိနေသလို တချို့ကလည်း အသင်းမှာ ကာလတိုဆက်နေပေးဖို့ သဘောတူခဲ့ပေမယ့် တချို့ကလည်း အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို လမ်းခွဲမယ့် ကစားသမားတွေထဲမှာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ဘယ်နောက်ခံကစားသမား ကာဇာဝါလည်း ပါဝင်လို့နေပြီး ဇူလိုင်လထဲမှာ သူကြိုက်နှစ်သက်ရာ ကလပ်အသင်းတစ်သင်းဆီကို ရွေးချယ်ပြောင်းရွှေ့နိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : France Football

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်ဘယ်နောက်ခံကစားသမား ကာဇာဝါဟာ မိုနာကိုကနေ ပီအက်စ်ဂျီအသင်းဆီကို ၂၀၁၅ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားထားခဲ့သူလည်းဖြစ်ကာ လီဂူးဖလားကို (၃)ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။ သူ့ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းကနေ စိတ်ဝင်စားမှု အရင်ဆုံးပြသခဲ့တာဖြစ်ပြီး အခုဆိုရင် ဘယ်ခြမ်းခံစစ်နေရာအတွက် ကစားသမားသစ် ရှာဖွေနေတဲ့ ချယ်လ်ဆီးအသင်းကပါ ကာဇာဝါကို စတင်ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : PSG

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် လက်စတာအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ဘန်ချီဝဲလ်ကို အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် လက်စတာဘက်က သူတို့ကစားသမားကို လုံးဝမရောင်းချချင်သလို ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)လောက်အထိ တောင်းဆိုလာနိုင်တာကြောင့် ပြောင်းရွှေ့ကြေးမဲ့နဲ့ ခေါ်ယူနိုင်မယ့် ကာဇာဝါကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ဘယ်နောက်ခံလူတွေဖြစ်တဲ့ အလွန်ဆိုနဲ့ အီမာဆန်တို့နှစ်ဦးလုံးနဲ့ လမ်းခွဲသွားဖွယ်ရှိနေတဲ့အတွက် ကာဇာဝါအပြင် နောက်ထပ်ဘယ်နောက်ခံလူတစ်ယောက်ကိုပါ ထပ်မံပစ်မှတ်ထားဖွယ် ရှိနေပါတယ်။ အာဆင်နယ်ကလည်း ဒီရာသီမှ ဆဲလ်တစ်ကနေ ခေါ်ယူထားခဲ့တဲ့ အိုင်ယာလန်နောက်ခံလူ တီယာနေးရဲ့အခြေအနေကို သိပ်သဘောမတွေ့တာကြောင့် သူ့ကို ပြန်လည်ရောင်းထုတ်ကာ ကာဇာဝါကို သူရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကာဇာဝါကို သူတို့(၂)သင်းအပြင် ဘာစီလိုနာနဲ့ အဲဗာတန်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အတွက် ခက်ခက်ခဲခဲ ကမ်းလှမ်းရနိုင်သလို ကာဇာဝါအတွက်လည်း ရွေးချယ်ခွင့်တွေများနေလို့ စဉ်းစားရခက်နိုင်ပါတယ်။