လာမယ့်ဘောလုံးရာသီမှာ ပြုပြင်ပြောင်းလဲမှုပေါင်းများစွာကို လုပ်ဆောင်ဖို့ရှိနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း အပါအဝင်ဖြစ်လို့နေပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့အဆင့်၁၀နေရာအထိ ကျဆင်းလို့နေတဲ့ အာဆင်နယ်အသင်းဟာ နောက်နှစ်ဘောလုံးရာသီမှာ ယခင်လို အသင်းကြီးတစ်သင်းပုံစံမျိုး ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ကစားသမားအပြောင်းအလဲတွေများစွာကို လုပ်ဆောင်သွားဖို့ စီစဉ်လျက်ရှိနေရာ လစာငွေများပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ အိုဇေးလိုမျိုး ကစားသမားတွေကို အသင်းကနေ ရောင်းချကာ သူရဲ့နေရာအတွက်ကိုလည်း လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်နဲ့ ပြန်လည်အစားထိုးသွားဖွယ်ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်၃၁နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကစားသမား အိုဇေးဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင်၃သိန်းခွဲနဲ့ လုပ်ခလစာအများဆုံး ရရှိထားသူဖြစ်နေပေမယ့်လည်း အသင်းအတွက် ဒီရာသီမှာ သွင်းဂိုးတစ်ဂိုးတစ်လေမှကို ရယူထားနိုင်ခြင်းမရှိပဲ ဂိုးဖန်တီးမှုကိုလည်း ၁ကြိမ်သာလုပ်ဆောင်ထားနိုင်တာဖြစ်လို့ အသင်းက သူ့ကိုသက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပဲ အသင်းကနေသာ လက်လွတ်လိုက်ချင်နေတာဖြစ်ပါတယ်။ တကယ်လို့ အိုဇေးကို အသင်းကနေ ရောင်းထုတ်ဖြစ်မယ်ဆိုရင်လည်း သူရဲ့နေရာအတွက် လက်စတာအသင်းမှာ ခြေစွမ်းပြနေသူဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်နဲ့ အစားထိုးသွားဖို့ ချိန်ရွှယ်နေတယ်လို့ Mail Online ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football.London

အသက်၂၃နှစ်သာရှိသေးတဲ့ အင်္ဂလန်ကြယ်ပွင့်ကစားသမားလေး မက်ဒီဆန်ဟာ ၂၀၁၈ခုနှစ်ကမှ နော်ဝစ်ချ်စီးတီးအသင်းကနေ လက်စတာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်စတာရဲ့ပထမရာသီ ဖြတ်သန်းခဲ့အပြီးမှာပဲ သူရဲ့အလင်းလက်ခြေစွမ်းတွေကြောင့် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် စပါးအသင်းတွေက အပြိုင်စိတ်ဝင်စားလာခဲ့ကြသလို အခုလည်း အာဆင်နယ်အသင်းကပါ မက်ဒီဆန်ကို ထပ်တိုးပစ်မှတ်ထားလာခဲ့ပါတယ်။ လတ်တလောမှာတော့ မက်ဒီဆန်ကို အလိုချင်ဆုံးအသင်းက ယူနိုက်တက်အသင်းဖြစ်နေပြီး လာမယ့်နွေစျေးကွက်မှာ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျက်ဂရီးလစ်နဲ့အတူ ပြောင်းရွှေ့ကြေး ပေါင်သန်း၁၆၀နဲ့ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ဒါကြောင့်မို့ မက်ဒီဆန်ကို ယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်ဘက်ကနေ မက်လုံးပိုပေးကာ ကမ်းလှမ်းလာဖွယ်ရှိနေတဲ့အပြင် လက်စတာကလည်း သူတို့ကစားသမားကို သက်တမ်းတိုးဖို့အတွက် လုပ်ဆောင်နေပြီဖြစ်လို့ လာမယ့်နွေမှာ မက်ဒီဆန်ဘယ်ရောက်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။