ဘာစီလိုနာအသင်းကတော့ မကြာခင်မှာ စတင်ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူတို့အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ရစ်ကီပွတ်ချ်ကို ပွဲကစားခွင့်တွေ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် အသင်းကနေ အငှားချသွားချင်နေပြီး ဒီကစားသမားလေးကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

အသက်(၂၁)နှစ်အရွှယ်ရှိ စပိန်လူငယ် ကွင်းလယ်ကစားသမား ရစ်ကီပွတ်ဟာ ဘာစီလိုနာရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၉ခုနှစ်ကပဲ ဘာစီလိုနာစီနီယာအသင်းမှာ စတင်ပါဝင်ကစားခွင့် ရလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွတ်ချ်ဟာ အသင်းရဲ့နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့လက်အောက်မှာတော့ ပွဲထွက်ခွင့်တွေက အတော်လေးကို နည်းပါးလျက်ရှိနေပြီး ပြိုင်ပွဲစုံ(၄)ပွဲသာ ပါဝင်ကစားထားခဲ့ရတာကြောင့် ပွဲထွက်ခွင့်တွေနဲ့ အတွေ့အကြုံတွေ ပိုမိုရရှိဖို့အတွက် အငှားချသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Eurosport

ဒီကစားသမားလေးကို လိဒ်စ်ယူနိုက်တက်အသင်းကနေ အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေတဲ့အပြင် အာဆင်နယ်အသင်းကလည်း ရစ်ကီပွတ်ချ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။ ရစ်ကီပွတ်ချ်ဟာ ကွင်းလယ်ပိုင်းနဲ့ ကွင်းလယ်တိုက်စစ်ပိုင်းမှာ ပါဝင်ကစားတတ်သူဖြစ်လို့ ကွင်းလယ်မှာ ဖန်တီးမှုအားကောင်းတဲ့ ကစားသမားမျိုးကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းအတွက် သင့်တော်နိုင်မယ့် ကစားသမားတစ်ယောက် ဖြစ်လို့နေပါတယ်။ အာဆင်နယ်ဟာ ယခင်ကလည်း ဘာစီလိုနာ ကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်(အခု ဆယ်တာဗီဂိုအသင်းမှာ ပါဝင်ကစားလျက်ရှိနေသူ)ကို ရာသီဝက်မှာ အငှားနဲ့ ခေါ်ယူဖူးခဲ့သေးပြီး အခုလည်း ရစ်ကီပွတ်ချ်ကို ထပ်မံအလိုရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ မီခဲလ်အာတီတာအနေနဲ့ကလည်း အသင်းရဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် ကစားသမားအိုဇေးကို အသင်းမှာ နေရာပြန်ပေးဖို့ထက် သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ပွတ်ချ်ကိုသာ ဘာစီလိုနာကနေ အငှားနဲ့ခေါ်ယူပြီး အသင်းမှာ နေရာပေးချင်နေပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ အင်တာမီလန်အသင်းနဲ့ လက်တွဲဖြုတ်ဖို့ သေချာသလောက်ကို ရှိလို့နေတဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကိုလည်း စိတ်ဝင်စားလျက်ရှိနေပြီး ခါးသီးပြိုင်ဘက် စပါးအသင်းရဲ့ ကစားသမားဟောင်းကို ခေါ်ယူနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။