ဗြိတိန်ရဲ့ နာမည်ကျေုာ် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Athletic က အထင်ကရ သတင်းဂျာနယ်လစ် ဒေးဗစ်အွန်စတိန်း သတင်းဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနက်အသင်းရဲ့ ယူကရိန်း တောင်ပံကစားသမားလေး မိုက်ခေးလိုမူဒရစ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : Football365

ဒီနှစ်ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှက်တာဒိုးနက်အသင်းအတွက် အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ အသက်(၂၁)နှစ်အရွယ် ယူကရိန်း winger လေး မူဒရစ်ဟာ လတ်တလောမှာ ဥရောပ ကလပ်အသင်းကြီးတိုင်း လိုချင်နေတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ရှက်တာဘက်က သူတို့ရဲ့ ကြယ်ပွင့်လေးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)အထိ သတ်မှတ်ထားခဲ့ပါတယ်။ မူဒရစ်အတွက် ယူရိုသန်း(၁၀၀) ပေါင်(၈၅.၉)သန်းအထိ တန်ကြေး သတ်မှတ်ထားတာဟာ အလွန်မြင့်မားလွန်းတယ်လို့ သတ်မှတ်နိုင်ပေမယ့် ဒီကစားသမားလေးကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေကတော့ မူဒရစ်အတွက် ကမ်းလှမ်းလာချိန်မှာ ရှက်တာဘက်က မူဒရစ် တန်ကြေးကို လျှော့ချပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Photo Credit : TEAMtalk

မူဒရစ်ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေတဲ့ အာဆင်နယ်အသင်းက မူဒရစ်အတွက် သူရဲ့အေးဂျင့်နဲ့ရော ရှက်တာဒိုးနက်အသင်းနဲ့ပါ ချိတ်ဆက်မှုတွေ လုပ်ဆောင်ထားပြီး ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ပါဝင်ဖို့ ဆန္ဒရှိနေသလို အာဆင်နယ်ရဲ့ စိတ်ဝင်စားမှု ရရှိနေခြင်းအပေါ်မှာလည်း သဘောကျလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့ အာဆင်နယ်နဲ့ မူဒရစ်တို့ကြားမှာ သဘောတူညီမှု တစ်စုံတစ်ရာ မရရှိသေးပဲ အပြောင်းအရွှေ့ကိစ္စအတွက် ဆက်လက် ညှိနှိုင်းဆွေးနွေနေဆဲလို့ အွန်စတိန်းက ဖော်ပြထားခဲ့ပါတယ်။ အာဆင်နယ်က အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး ဂါဘရီရယ်ဂျေဇူးကို ကာလအနည်းငယ် လက်လွတ်ရဦးမှာဖြစ်လို့ တိုက်စစ်ပိုင်း အားနည်းလာနိုင်တာကို ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေပြီး လက်ရှိမှာ တောင်ပံတိုက်စစ် ကစားသမား မူဒရစ်နဲ့ တောင်ပံမှာရော အထောင်တိုက်စစ်နေရာမှာပါ ကစားနိုင်တဲ့ ဖယ်ရန်တောရက်စ်တို့ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦးထဲမှာတော့ အာဆင်နယ်က မူဒရစ်ကိုသာ ဦးစားပေးအဖြစ် ခေါ်ယူသွားချင်နေပြီး ကစားသမားကိုယ်တိုင်ပါ အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတာမို့ ဒီအပြောင်းအရွှေ့က လာမယ့်ဈေးကွက်အတွင်း စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။