ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ သူတို့အသင်းဟာ လူငယ် ကစားသမားတွေရဲ့ စုဖွဲ့မှုနဲ့ အတူ အရင်ကလို အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်မယ့် အနေအထားဆီ ပြန်ရောက်တော့မယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

တချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ သက်တော်ရှည် နည်းပြကြီး အာစင်ဝင်းဂါးကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် စီမံခန့်ခွဲမှု အလွဲအမှားတွေ ၊ မှားယွင်းတဲ့ အပြောင်းအရွှေ့တွေကို ပြုလုပ်မိခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေနဲ့ ဝေးကွာနေတာ နှစ်အနည်းငယ် ကြာမြင့်နေပါပြီ။

Photo Credit: Sky Sports

ဒါပေမယ့် အာဆင်နယ်အသင်းက အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် သူတို့အသင်းမှာ ခိုင်မာတဲ့ အားကစားဆိုင်ရာ ပရောဂျက် တခု ရှိလာခဲ့သလို ဆာကာ ၊ စမစ်ရိုဝီ စတဲ့ အကယ်ဒမီထွက် ကစားသမားတွေနဲ့ အတူ အသင်းရဲ့ လူအင်အား စုဖွဲ့မှုက အတော်လေး ကောင်းမွန်လာခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာတော့ အာဆင်နယ်အသင်းဟာ ဥရောပပြိုင်ပွဲတွေ သွားရောက် ယှဉ်ပြိုင်ရခြင်း မရှိတာကြောင့် ပြည်တွင်းပြိုင်ပွဲတွေကိုသာ အာရုံစိုက် ယှဉ်ပြိုင်နိုင်ခဲ့သလို ဘန်ဝှိုက် ၊ ရမ်စဒယ် ၊ တိုမီယာဆု ၊ အိုဒီဂတ် စတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမားတွေကို မှန်ကန်စွာ ခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ လူစာရင်းဟာ နောက်ပိုင်းနှစ်တွေမှာ အကောင်းဆုံး အနေအထားလို့ ပြောရလောက်အောင် တောင့်တင်းလာပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက သူတို့အသင်းဟာ အရည်အသွေးမြင့် လူငယ် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတသင်း ဖြစ်နေတာကြောင့် ယခင်ကလို အောင်မြင်မှု လမ်းကြောင်းဆီ ပြန်လည် လျှောက်လှမ်းနိုင်တော့မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့တာပါ။

အာတီတာက – “အခုကတော့ ကျွန်တော်တို့တွေ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့ အစီအစဉ်ရဲ့ နောက်တဆင့်ဆီ ရောက်ရှိနေပြီလို့ ဆိုရမှာပါ။ ကျွန်တော်တို့တွေက အသင်းရဲ့ အနာဂတ် လမ်းကြောင်းနဲ့ ပတ်သတ်ပြီး ကွဲကွဲပြားပြား သိမြင်နေသလို အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ ကြားထဲမှာ ရှိနေတဲ့ နားလည်မှုကလည်း ပိုကောင်းလာပါတယ်။ အသင်းပိုင်ရှင်တွေကလည်း လက်ရှိ အနေအထားနဲ့ ပတ်သတ်ပြီး အတော်လေးကို တက်ကြွနေပါတယ်။ ဒီလိုမျိုး စိတ်အားထက်သန်မှုတွေကပဲ ကျွန်တော်တို့ရဲ့ ပရောဂျက်ကို ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အခု ရထားတဲ့ လူငယ်အစုအဖွဲ့နဲ့ အတူ ဆုဖလားတွေကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့တွေ အရင်က ရရှိခဲ့ဖူးတဲ့ အောင်မြင်မှုတွေကို ပြန်ရအောင် လုပ်ဖို့ပဲ ကျန်ပါတော့တယ်” လို့ ပြောကြားသွားတာပါ။