အာဆင်နယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့နဲ့ လာမယ့်စျေးကွက်ထဲမှာ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိလို့နေတဲ့ တိုက်စစ်မှူးလာကာဇက်ရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို ပစ်မှတ်ထားနေပေမယ့်လည်း ပြောင်းရွှေ့ကြေး အလွန်မြင့်မားလွန်းတာကြောင့် ခေါ်ယူဖို့ ခဲယဉ်းလာခဲ့တာကြောင့် ရီးယဲလ်မှာ နေရာပျောက်နေတဲ့ တိုက်စစ်ကစားသမား လူကာယိုဗစ်ကိုသာ ပြောင််းလဲပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Football Express

အသက်(၂၁)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဗလာဟိုဗစ်ဟာ အီတလီစီးရီးအေမှာ အတော်လေးကို တောက်ပနေတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာဖြစ်ပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်အသင်းလည်း ပါဝင်လျက် ရှိနေပါတယ်။ ဖီအိုရင်တီးနားအသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၆၈)သန်းလောက်အထိ စျေးသတ်မှတ်ထားတဲ့အပေါ် အာဆင်နယ်ဘက်ကပါ ပေးချေသွားချင်တယ်လို့ သတင်းထွက်လာခဲ့ပေမယ့် ဗလာဟိုဗစ်ကိုယ်တိုင် အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားခြင်းအပေါ် ပြန်လည်တုံ့ပြန်ခြင်း မရှိတာမို့ ခေါ်ယူဖို့ ခဲယဉ်းလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Real Champs

ဒီလို အခြေအနေ ရှိနေရတဲ့ အာဆင်နယ်အသင်းဟာ နောက်ထပ်ဆာဘီးယား တိုက်စစ်ကစားသမားဖြစ်သူ လူကာယိုဗစ်ကို ပြောင်းလဲပစ်မှတ်ထားလာခဲ့ပြီး ယိုဗစ်ကိုယ်တိုင်ကလည်း သူရဲ့လက်ရှိကလပ် ရီးယဲလ်အသင်းမှာ နေရာရဖို့ မလွယ်ကူတာကြောင့် အသင်းအပြောင်းအလဲလုပ်ဖွယ် ရှိနေပါတယ်။ ဖရန့်ဖတ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ယိုဗစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း နည်းပြအန်စလော့တီရဲ့လက်အောက်မှာ ပြိုင်ပွဲစုံ(၇)ပွဲသာ ပါဝင်ကစားထားရတာဖြစ်ပြီး အဲ့ဒီပွဲတွေအားလုံးမှာလည်း တစ်ပွဲမှကို ပွဲထွက်ကစားခွင့် မရထားသလို သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ မရှိသေးတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ ရီးယဲလ်အသင်းကနေ ထွက်ခွာချင်နေပြီး ရီးယဲလ်ကလည်း ယိုဗစ်ကို အငှားထက် အပြီးသတ်သာ ပြန်လည်ရောင်းထုတ်ချင်နေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ယိုဗစ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး စီးရီးအေရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။