MySport Myanmar

အာဆင်နယ် စိတ်ဝင်စားနေတဲ့ လွတ်ခ်မန်းကို ပေါင်(၅၂)သန်းလို့ ဈေးသတ်မှတ်

အီတလီ စီးရီးအေကလပ် အတ္တလန်တာအသင်းဟာ သူတို့ရဲ့ တောင်ပံတိုက်စစ်ကစားသမား အဒီမိုလာ လွတ်ခ်မန်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၅၂ သန်းအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒီသတ်မှတ်ချက်ဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုတွေ ထွက်ပေါ်လာပြီးနောက်မှာ ဖြစ်ပေါ်လာတာပါ။

Corriere della Serra သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လွတ်ခ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတ္တလန်တာအသင်းက သိရှိထားပြီး ဒါကြောင့် ပြောင်းရွှေ့ကြေးကို ပေါင် ၅၂ သန်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ် မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ အခက်အခဲရှိလာပါက လွတ်မန်းကို အဓိကပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်ကတော့ လောလောဆယ်မှာ ပေါင် ၄၃ သန်းနဲ့ အပိုဆုကြေးတွေသာ ပေးချေလိုသေးကြောင်း သိရပါတယ်။

Photo Credit : Soccersouls

နိုင်ဂျီးရီးယားလက်ရွေးစင် လွတ်ခ်မန်းဟာ ၂၀၂၂ ခုနှစ်မှာ အတ္တလန်တာအသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၁၈ ပွဲမှာ သွင်းဂိုး ၅၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်တဲ့ အဓိကကစားသမားတစ်ဦး ဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကတော့ သူ့အတွက် အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး သွင်းဂိုး ၁၅ ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင် ၂၀၂၂-၂၃ ရာသီကလည်း အသင်း ယူရိုပါလိဂ်ဖလား ဆွတ်ခူးရာမှာ အဓိကကျတဲ့ ခြေစွမ်းကို ပြသခဲ့သူဖြစ်ပါတယ်။

Photo Credit : Foot Africa

လွတ်ခ်မန်းဟာ ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ မစိမ်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ချာလ်တန် အဲဗာတန် ဖူလ်ဟမ်နဲ့ လက်စတာစီးတီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူပါ။ ဒါပေမဲ့ အင်္ဂလန်မြေမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ပွဲ ၉၆ ပွဲမှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အီတလီမြေမှာမှ သူ့ရဲ့ကစားသမားဘဝဟာ ပြန်လည်တောက်ပလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ တိုက်စစ်ပိုင်းအတွက် ဘယ်ကစားသမားကို အပြီးသတ်ခေါ်ယူမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး လွတ်ခ်မန်းအတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Exit mobile version