MySport Myanmar

လီဗာပူးလ် တိုက်စစ်ကစားသမား ဂျိုတာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းကတော့ လာမယ့်နွေမှာ အသင်းတိုက်စစ်ပိုင်းကို အားဖြည့်သွားဖို့ အစီအစဉ် ရှိနေရာ တိုက်စစ်ကစားသမား အများအပြား ပစ်မှတ်ထားနေသလို လက်ရှိမှာလည်း လီဗာပူးလ်ရဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာကိုပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ Anfield Watch ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်က ဒီရာသီရဲ့ ဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းအတွက် ချယ်လ်ဆီးက အင်္ဂလန် တောင်ပံကစားသမား ရာဟင်း စတားလင်းကိုသာ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး စတားလင်းက အသင်းမှာ ပွဲကစားခွင့်လည်း သိပ်မရခဲ့သလို အသင်းအတွက် (၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Football Transfer

အသင်းက ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးတစ်ဦးလောက် ခေါ်ယူဖြည့်တင်းသင့်တဲ့ အခြေအနေမှာတောင် ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း လာမယ့်နွေဈေးကွက်မှာတော့ အရည်အသွေးပြည့် တိုက်စစ်ကစားသမားကောင်း တစ်ဦးကို မဖြစ်မနေ ဖြည့်တင်းသွားဖို့ စီစဉ်ထားသလို တိုက်စစ်မှူးများစွာကိုလည်း ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ် အလိုရှိနေတဲ့ တိုက်စစ်မှူးတွေထဲမှာ နယူးကာဆယ်က ဆွီဒင် တိုက်စစ်မှူး အလက်ဆန်းဒါး အီဆက်ခ်၊ လိုက်ပ်ဇစ်က ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို၊ စပို့တင်း လစ္စဘွန်းက ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်နဲ့ အင်တာမီလန်က အာဂျင်တီးနား တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်တို့ ပါဝင်နေပါတယ်။

Photo Credit : France 24

ဒီကစားသမားတွေအပြင် ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျိုတာကိုပါ စိတ်ဝင်စားလျက် ရှိနေပြီး လီဗာပူးလ်ကလည်း ဂျိုတာရဲ့ ဒဏ်ရာ အခြေအနေတွေကြောင့် လာမယ့်ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

အသက်(၂၈)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုတာဟာ ၂၀၂၀ခုနှစ်ကတည်းက ဝုလ်ဗ်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဒီရာသီထဲမှာတော့ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၁)ပွဲအထိ ပါဝင်ကစားထားခဲ့ရင်း (၈)ဂိုးသွင်း (၂)ဂိုးဖန်တီးထားနိုင်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် (၁၆)ပွဲအထိတောင် လွဲချော်ထားခဲ့ရပါတယ်။

Exit mobile version