အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေကို ပေါင်သန်း(၁၅၀)ကျော်အထိ သုံးစွဲထားခဲ့ပေမယ့်လည်း လာမယ့်ဆောင်းစျေးကွက်မှာ ကစားသမား ခေါ်ယူမှုတွေ ကစားသမား ရောင်းချမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖွယ် ရှိနေပြီး စွမ်းဆောင်ရည် ကျဆင်းမှုတွေကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်နေတဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းနေရာအတွက် ဆီဗီလာအသင်းရဲ့ ကြယ်ပွင့်ကစားသမား အန်နက်ဆီရီနဲ့ အစားထိုးသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၂)နှစ်အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီးနောက်မှာပဲ သူရဲ့သွင်းဂိုးစွမ်းရည်တွေ ကျဆင်းလာခဲ့ရသလို ဒီရာသီမှာလည်း အမှတ်ပေးလိဂ်သွင်းဂိုး တစ်ဂိုးမှ မသွင်းယူထားနိုင်ခဲ့သလို ဂိုးသွင်းစွမ်းရည်က အတော်လေး ကျဆင်းလို့နေပါတယ်။ ဒါကြောင့် အသင်းဘက်ကနေပြီး အူဘာမီယန်းကို ရောင်းချဖို့ ဆန္ဒရှိလာတာကြောင့် ကမ်းလှမ်းမှုတွေကို နားစွင့်လာခဲ့သလို တကယ်လို့ အူဘာမီယန်းကို အသင်းကနေ ရောင်းချခဲ့မယ်ဆိုရင်လည်း သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် မော်ရိုကိုတိုက်စစ်ကစားသမား အန်နက်ဆီရီကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Espana

၂၀၂ဝခုနှစ်ကမှ လီဟာနက်စ်အသင်းကနေ ဆီဗီလာအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား အန်နက်ဆီရီဟာ အသင်းနဲ့ ပွဲဦးထွက်ရချိန်မှာ ရာသီဝက် အနေအထား ဖြစ်နေတာကြောင့် ခြေစွမ်းသိပ်မပြနိုင်ခဲ့ပဲ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှသာ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အန်နက်ဆီရီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆီဗီလာအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၅၂)ပွဲအထိ ပါဝင်ကစားပေးခဲ့သလို သွင်းဂိုးစုစုပေါင်း (၂၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှုာလည်း အန်နက်ဆီရီဟာ အသင်းအတွက် လာလီဂါသွင်းဂိုး (၂)ဂိုး သွင်းယူထားနိုင်တာဖြစ်လို့ သူ့ကို အာဆင်နယ်အသင်းအပါအဝင် ဥေရောပထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့ပြီး လာမယ့်နွေစျေးကွက်အတွင်း လာကာဇက်ကိုပါ အသင်းကနေ ထွက်ခွာခွင့်ပြုရတော့မယ့် အာဆင်နယ်က အသင်းတိုက်စစ်ပိုင်းအတွက် အန်နက်ဆီရီကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့ပါတယ်။ အန်နက်ဆီရီဟာ ဆီဗီလာနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသလို ဒီရာသီမှာလည်း ချန်ပီယံလိဂ်မှာပါ သူရဲ့စွမ်းရည်တွေကို ပြသနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတာဖြစ်လို့ ကစားသမားရဲ့တန်ကြေးက အလွန်မြင့်မားနိုင်ဖွယ် ရှိနေပါတယ်။