အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂျိုရှုအာ ကင်မစ်ခ်ကို ခေါ်ယူဖို့ ချိန်ရွယ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ကင်မစ်ခ်အစား ဘာစီလိုနာ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကိုသာ ပြောင်းလဲ စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

တကယ်တော့ အာဆင်နယ်ဟာ နွေမှာ တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိပေမယ့်လည်း အသင်းက ကွင်းလယ်လူတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ သောမတ်စ် ပါတေးတို့က နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာဖြစ်လို့ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ပါ လိုအပ်လာပါတယ်။

Photo Credit : Football365

ဂျော်ဂျင်ဟိုက ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်ပြီး ပါတေးကိုလည်း ဥရောပ ကလပ်အသင်းတွေနဲ့ ဆော်ဒီကလပ်တွေက ခေါ်ယူချင်နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် အာဆင်နယ်က ကွင်းလယ်ပိုင်း အားဖြည့်ဖို့အတွက် ကနဦးပိုင်းမှာ ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို စတင် ကြိုးပမ်းလာပါတယ်။

စပိန်ကွင်းလယ်လူနဲ့ အခြေအနေကောင်းနေပေမယ့်လည်း အာဆင်နယ်က နောက်ထပ် အတွေ့အကြုံရင့် ကွင်းလယ်လူ တစ်ဦးပါ ခေါ်ယူချင်တာကြောင့် အသက်(၃၀)အရွယ် ဂျာမနီ ကွင်းလယ်လူ ကင်မစ်ခ်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါပေမယ့် ကင်မစ်ခ်ကတော့ အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရနေသည့်တိုင် ဘိုင်ယန်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကိုသာ စိတ်အားထက်သန်နေပါတယ်။

Photo Credit : Football Transfer

ဒါကြောင့်ပဲ အာဆင်နယ်က ကင်မစ်ခ်အစား ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒီဂျောင်ကိုသာ ပြောင်းလဲ စိတ်ဝင်စားလာပါတယ်။ ဒီဂျောင်က ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး တကယ်လို့ သူရဲ့ စာချုပ်ကိစ္စ အဆင်မပြေရင် လာမယ့်နွေမှာပဲ ရောင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဒီဂျောင်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်အခြေအနေကို အာဆင်နယ်အပြင် ဘိုင်ယန်မြူးနစ် လီဗာပူးလ် ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတွေကလည်း အနီးကပ် စောင့်ကြည့်လို့နေပြီး အာဆင်နယ်ကတော့ ဒီဂျောင်ထက် ဇူဘီမန်ဒီကို အရ ခေါ်ယူနိုင်ဖို့ကိုသာ ဦးစားပေး လုပ်ဆောင်ဖို့ ရှိနေပါတယ်။