ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့အသင်းရဲ့ လူစာရင်းထဲမှာ အားအနည်းဆုံး နေရာလို့ ဆိုရမယ့် ညာတောင်ပံတိုက်စစ် နေရာကို အင်အားဖြည့်တင်းဖို့ အတွက် လာမယ့် ဆောင်းရာသီဈေးကွက် အတွင်းမှာ အမေရိကန် မေဂျာလိဂ်ကလပ် အော်လန်ဒိုနဲ့အတူ တောက်ပနေတဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့် တောရက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေကို တောက်လျှောက် ဆိုသလို ရယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အား မလုံလောက်မှုကြောင့် ပွဲဆက် များလာချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတွေဟာ ပွဲပန်းလာကြပြီး ကြွက်သားဒဏ်ရာတွေလည်း ရလာခဲ့ပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ အာဆင်နယ် ဘုတ်အဖွဲ့က အသင်းရဲ့ ခြေစွမ်းပိုင်း ကောင်းမွန်နေချိန်မှာ အသင်းကို လူအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး ပထမဦးဆုံး အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ဆာကာ တဦးထဲသာ ရှိနေတဲ့ ညာတောင်ပံတိုက်စစ် အတွက် ကစားသမားသစ် တဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

တဖက်မှာ အသက် ၂၂နှစ် အရွယ် ဥရုဂွေး လူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ် ကစားသမား တောရက်စ်က ယခုနှစ် မေဂျာလိဂ် ဘောလုံးရာသီမှာ အော်လန်ဒို စီးတီးနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး တောရက်စ်က အော်လန်ဒို စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football London

တောရက်စ်က အလိမ်အခေါက် ထူးချွန်သလို ဖြတ်တင်ဘောတွေ ပေးပို့ရာမှာ ကောင်းမွန်ပြီး ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ နောက်ချန်တိုက်စစ် စတဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိကာ အာဆင်နယ် ကင်းထောက်တွေက တောရက်စ်ရဲ့ ခြေစွမ်းကို အချိန်အတော်ကြာ အကဲခတ်ပြီးနောက် အာဆင်နယ် အတွက် သင့်တော်တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ကြောင်း အသင်းဘုတ်အဖွဲ့ထံ တင်ပြထားတယ်လို့ အာဆင်နယ်နဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talk Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဆောင်းဈေးကွက်မှာ တောရက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး အာဆင်နယ်နည်းပြ အာတီတာ ကိုယ်တိုင် တောရက်စ်ရဲ့ ခြေစွမ်းကို လေ့လာထားသလို သဘောလည်း ကျနေတာကြောင့် တောရက်စ်ဟာ အာဆင်နယ်ရဲ့ ကစားသမားသစ် ဖြစ်လာဖို့ အခွင့်အလမ်း များပြားနေကြောင်း သိရပါတဘ်။