MySport Myanmar

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုကို ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်ထားတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က လာမယ့် နွေဈေးကွက်မှာ သူတို့အသင်း အတွက် တန်ကြေးမြင့် ခေါ်ယူမှု အဖြစ် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရိုဒရီဂိုက ၂၀၁၉ခုနှစ်မှာ ဆန်းတို့စ် ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်ထံ ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

Photo Credit: Daily Canon

ရိုဒရီဂိုက ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် အထောင်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။

ရိုဒရီဂိုက စွယ်စုံရ တိုက်စစ်ကစားသမား ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ကသာ လာမယ့် နွေဈေးကွက်မှာ ပြင်သစ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ရင် ရိုဒရီဂိုဟာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ရဖွယ် ရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေကလည်း အမ်ဘာပေ ၊ ဗင်နီးစီးယပ်စ်နဲ့ ဘယ်လင်ဟမ်တို့ရဲ့ တိုက်စစ်အတွဲကိုသာ သုံးဖို့ စဉ်းစားထားပါတယ်။

Photo Credit: Football 365

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Cadena Serရဲ့ ဖော်ပြချက်အရ အာဆင်နယ်က လာမယ့် နွေဈေးကွက်မှာ ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ရိုဒရီဂိုရဲ့ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူပြီးရင်လည်း သူတို့ရဲ့ ကြယ်ပွင့် ကစားသမားတွေကို မရောင်းထုတ်ဘူးလို့ သတင်းလွှင့်ထားပေမယ့် အာဆင်နယ်ကသာ ရိုဒရီဂိုကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့မယ် ဆိုရင် ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ရောင်းချဖို့ စဉ်းစားနိုင်ပါတယ်။

Exit mobile version