ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်ရဲ့ လူငယ်ကြယ်ပွင့် ယဲရီမီ ပီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လူငယ်ကြယ်ပွင့် ပီနိုက ၂၀၁၉ခုနှစ်ကမှ စပိန်ဒေသတွင်း အသင်းငယ် တသင်း ဖြစ်တဲ့ ရိုဒါကနေ ဗီလာရီးရဲလ် လူငယ်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဗီလာရီးရဲလ် လူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၂၀ခုနှစ်မှာပဲ ဗီလာရီးရဲလ် အသင်းကြီးထံ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

Photo Credit: AS English

ပီနိုက ဗီလာရီးရဲလ်အတွက် ၂ရာသီ ကစားပေးခဲ့ရာမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၇၇ပွဲ အထိ ပါဝင် ကစားပေးခွင့် ရခဲ့ပြီး သွင်းဂိုး ၁၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပီနိုက စပိန်သား တဦး ပီသစွာ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် ကစားနိုင်သလို သူ့ရဲ့ တဦးချင်း ဖြတ်ကျော်နိုင်စွမ်းတွေကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဗီလာရီးရဲလ်နဲ့ ပီနိုတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၈၀သန်း ရှိပေမယ့် ဗီလာရီးရဲလ်ကတော့ ပီနိုအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ပီနိုကို ရောင်းချဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက ဖော်ပြသွားခဲ့တာပါ။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗီလာရီးရဲလ်က ပီနိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် လိုချင်နေပြီး အာဆင်နယ်ကတော့ ပီနိုကို ကမ်းလှမ်းဖို့ စတင် စဉ်းစားနေကာ မကြာခင်မှာပဲ ဗီလာရီးရဲလ်ဟာ အာဆင်နယ်ဆီကနေ ပီနိုအတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ရရှိနိုင်ကြောင်း သိရပါတယ်။