ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကတော့ ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နုရင်ဘက်နဲ့ ခြေစမ်းပွဲမှာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အားနည်းချက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရပြီးတဲ့နောက် အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်နိုင်ဖို့ လိုင်ယွန်ရဲ့ အဓိက ကွင်းလယ်လူ ပါကွေတာကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ပါကွေတာက လိုင်ယွန်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ဖန်တီးနိုင်စွမ်း မြင့်မားသလို ကွင်းလယ် နေရာစုံမှာ လိုက်ပါ ကစားလေ့ ရှိတာကြောင့် သူ့ကို ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ အသုံးပြုလို့ ရပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဗဟိုကွင်းလယ် နေရာမှာ ပါတေး ၊ ချာကာနဲ့ အယ်နီနီတို့သာ ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်က ပါကွေတာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပြီး ပါကွေတာကလည်း ဘရာဇီးလ်သား အများအပြား ရှိနေတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘန် ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ပါကွေတာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး လိုင်ယွန်ကတော့ သူတို့အသင်းရဲ့ အဓိကကြယ်ပွင့် ပါကွေတာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး မရရင် ရောင်းထုတ်ဖို့ စိတ်ကူးမရှိသလို ပါကွေတာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ၈၀သန်းကြား လိုချင်နေတယ်လို့ သိရပါတယ်။

Photo Credit: Express

အာဆင်နယ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Football Londonကလည်း အာဆင်နယ်ဟာ ပါကွေတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို အာဆင်နယ်က သူတို့အသင်းရဲ့ အရန် ကစားသမားတွေ ဖြစ်တဲ့ မာရီ ၊ ဘယ်လာရင် စတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီးတာနဲ့ ပါကွေတာကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။