ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ နီကိုလပ်စ် ပေပေကို ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ်ထံ အငှားချခဲ့ပြီးနောက် အားနည်းနေတဲ့ တောင်ပံတိုက်စစ် အတွက် ရှက်တာဒိုးနက် လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၄ပွဲ ကစားထားရာ ၄ပွဲစလုံးကို အနိုင်ရထားပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူတို့အသင်းရဲ့ လူစာရင်းပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးကာ အာဆင်နယ်ဟာတောင်ပံတိုက်စစ်နဲ့ ကွင်းလယ်ပိုင်းမှာ မဖြစ်မနေ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။

Photo Credit: The Sun

ကစားသမားသစ် ၂ဦးခန့် ထပ်မံ ခေါ်ယူဖို့ လိုအပ်နေသေးပေမယ့် အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေကတော့ ယခု နွေဈေးကွက် အတွင်းမှာ တောင်ပံတိုက်စစ် နေရာကိုသာ အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် အခန်းကဏ္ဍကို အင်အားမြှင့်တင်နိုင်ဖို့ ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် ကစားသမား အဆန်စီယိုနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေသလို မူဒရစ်ခ်ရဲ့ အေးဂျင့်နဲ့လည်း ဆက်သွယ်နေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ အာဆင်နယ်ဟာ ရှက်တာဒိုးနက်နဲ့အတူ တောက်ပနေတဲ့ မူဒရစ်ခ်ကို ခေါ်ယူဖို့ အတော်လေးကို စိတ်ဝင်စားနေပြီး မူဒရစ်ခ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားကာ ရှက်တာဒိုးနက်ကတော့ မူဒရစ်ခ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေကြောင်း ဆိုပါတယ်။

Photo Credit: The Sun

အသက် ၂၁နှစ် အရွယ် ယူကရိန်း လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်က ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အပြင် အဲဗာတန်ကပါ မူဒရစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်အနေနဲ့ မူဒရစ်ခ်ကို ခေါ်ယူချင်ရင် ခပ်မြန်မြန် လှုပ်ရှားဖို့ လိုအပ်နေပါတယ်။