ယခုနှစ် နွေဈေးကွက်အတွင်းမှာ ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးမီကမှ အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား စမစ်ရိုဝီကို စာချုပ်သစ် ချုပ်ဆိုထားနိုင်ပေမယ့် အသင်းရဲ့ ကွင်းလယ်အင်အားကို မြှင့်တင်ဖို့ နောက်ထပ် တိုက်စစ်အားသန် ကွင်းလယ်လူ တဦးကို ခေါ်ယူချင်နေတာပါ။

Photo Credit: Standard

လတ်တလောမှာ အာဆင်နယ်အသင်းဟာ လက်စတာ ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင် ၊ ယမန်နှစ်က အသင်းထံ အငှားနဲ့ လာရောက် ကစားဖူးတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ် ကစားသမား အိုဒီဂတ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် မက်ဒီဆင်နဲ့ အိုဒီဂတ်တို့ရဲ့ ပြောင်းရွှေ့ကြေးတွေဟာ မြင့်မားတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ မျက်စိကျလာတာပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူပါ။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အင်္ဂလန်သားတွေကို ဦးစားပေး ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပြီးနောက် လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လင်ဂတ်အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ လင်ဂတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် ရရှိတာနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး လင်ဂတ်ကလည်း ပုံမှန် ပွဲထွက်ခွင့် လိုချင်နေတာကြောင့် အာဆင်နယ်အသင်းဟာ လင်ဂတ်ကို ပြောင်းလဲ ခေါ်ယူပါက ခပ်မြန်မြန်ပဲ သဘောတူညီမှု ရရှိနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။