ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ သူတို့ အသင်းရဲ့ ခါးသီး မြို့ခံပြိုင်ဘက် အသင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ် လို့ အင်္ဂလန် သတင်းဌာန တွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ အာဆင်နယ် အသင်း ဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဗဟို ကွင်းလယ်လူ တစ်ဦး ကို ခေါ်ယူဖို့ ကြိုးစား နေတာ ဖြစ်ပြီး လက်ရှိမှာ လိုင်ယွန် ကွင်းလယ်လူ အော်ဝါနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေး တို့ကို ခေါ်ယူဖို့ မလွယ်ကူတဲ့ အနေအထားကြောင့် ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့ မျက်စိ ကျလာတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၈နှစ် အရွယ် အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ဘောလုံးကိုင် ကစားတတ်တဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်ပြီး ချယ်လ်ဆီး အသင်းထံကို ၂၀၁၈ ခုနှစ်မှာ နာပိုလီ အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၅၇ သန်းနဲ့ ရောက်ရှိလာသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မှာတော့ ဂျော်ဂျင်ဟိုရဲ့ အနာဂတ် ဟာ အနည်းငယ် မတည်မငြိမ် ဖြစ်နေပြီး လက်ရှိ ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ လမ်းပတ် ဟာ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ ရိုက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတာကြောင့် ဂျော်ဂျင်ဟိုကို ကမ်းလှမ်းမယ့် အသင်း ရှိပါက ရောင်းချဖို့ စဉ်းစား ထားပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အာဆင်နယ် အသင်းဟာ လက်ရှိမှာတော့ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့် ဖြစ်သူ နဲ့ စတင် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရှိ ရပါတယ်။

Photo Credit: Mirror

အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာန ကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြု ပေးထားပြီး အာဆင်နယ် အသင်းဟာ ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့ အမှန်တကယ် စိတ်ဝင်စား နေတယ် လို့ ဖော်ပြ ထားပါတယ်။ ဂျော်ဂျင်ဟိုရဲ့ လက်ရှိ စျေးကွက် တန်ကြေးဟာ ယူရို ၅၂ သန်း ရှိပြီး အာဆင်နယ် အသင်းဟာ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အတွက် ကြိုးစားမယ် ဆိုပါက ပြောင်းရွှေ့ကြေး ယူရို ၄၀ သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ အာဆင်နယ် အသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အာဆင်နယ် နည်းပြ အာတီတာဟာ လိုင်ယွန် အသင်းရဲ့ ကွင်းလယ်လူ အော်ဝါကို အဓိကထား ခေါ်ယူချင် နေပေမယ့် အော်ဝါကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ပရီးမီးယားလိဂ် မှာ အထိုင်ကျပြီးသား ဖြစ်သလို သူ့ရဲ့ ကစားကွက် မှာလည်း အံဝင်ဖို့ ရှိတဲ့ ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့ အာဆင်နယ် ဘုတ်အဖွဲ့ထံ အကြောင်းကြား ထားတယ် လို့ သိရပါတယ်။