ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်ရဲ့ ညာနောက်ခံလူ ဟင်းနရစ်ကို ခေါ်ယူဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စတင် ဆွေးနွေးနေကြောင်း ဂျာမဏီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ညာနောက်ခံနေရာမှာ ဘန်ဝှိုက်နဲ့ တိုမီယာစုတို့ကို ပိုင်ဆိုင်ထားပေမယ့် တိုမီယာစုက ညာနောက်ခံလူ စစ်စစ် မဟုတ်တာကြောင့် အာဆင်နယ်နည်းပြ အာတီတာက ဖြစ်နိုင်ရင် ယခု နွေဈေးကွက် အတွင်းမှာ ညာနောက်ခံလူ တဦး ခေါ်ယူချင်နေပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ အာဆင်နယ်က ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်နဲ့ အေဂျက်နောက်ခံလူ တင်းဘားတို့ရဲ့ အပြောင်းအရွှေ့တွေကို အပြီးသတ်နိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး သူတို့နှစ်ဦးစလုံးကို ခေါ်ယူပြီးရင် အာဆင်နယ်က ညာနောက်ခံလူ တဦး ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

နာမည်ကြီး ဂျာမဏီ သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က လိုက်ပ်ဇစ်ညာနောက်ခံလူ ဟင်းနရစ်ရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်ကာ ဟင်းနရစ်ကို ခေါ်ယူချင်ကြောင်း အသိပေးခဲ့ပြီး အာဆင်နယ်ဟာ ဟင်းနရစ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်အောင် စတင် ကြိုးပမ်းနေကြောင်း သိရပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports DEကလည်း အာဆင်နယ်ဟာ ဟင်းနရစ် အတွက် ဆက်သွယ်မှု တချို့ ပြုလုပ်ထားကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဟင်းနရစ်ရဲ့ ကလပ်အသင်း ဖြစ်တဲ့ လိုက်ပ်ဇစ်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အထိ လိုချင်နေကြောင်း ဖော်ပြထားပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ညာနောက်ခံလူ ဟင်းနရစ်က ညာအစွန်နေရာမှာရော ၊ ဘယ်အစွန်နေရာမှာပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဟင်းနရစ်ဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ကစားသမားနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားကြပါတယ်။