ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့ရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်သူ ရာဖင်ဟာကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ကြယ်ပွင့်ဟောင်း ဂနာဘရီကို ပြန်ခေါ်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်လာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပွတ်ကာသီကာ လွဲချော်ခဲ့ရတဲ့ အာဆင်နယ်က လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်အောင် ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို ဖြစ်နိုင်သမျှ အင်အားဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး သူတို့က ဘရာဇီးလ် လူငယ်ကြယ်ပွင့် မာကွင်ဟို့စ် ၊ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဗီအဲရာနဲ့ အမေရိကန် ဂိုးသမား တာနာတို့ကို ခေါ်ယူထားနိုင်သလို မန်ချက်စတာ စီးတီးရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂျီးဆပ်ကို ခေါ်ယူဖို့လည်း အပြီးသတ် သဘောတူညီမှု ရရှိထားပါသေးတယ်။

Photo Credit: Football London

ဒါပေမယ့် အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က သူတို့အသင်းရဲ့ ကစားသမား အင်အားကို မကျေနပ်သေးပဲ အသင်းအတွက် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ ထပ်မံ စီစဉ်ထားပြီး ကနဦးမှာ လိဒ်ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဂနာဘရီကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီက လက်ရှိမှာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်သာ ကျန်ရှိတော့သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေမရာ ဖြစ်နေပါတယ်။

Photo Credit: Football London

ဘိုင်ယန်မြူးနစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာတင် ဂနာဘရီကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂနာဘရီက သူ လိုချင်တဲ့ လုပ်ခလစာ မရသေးတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချထားခဲ့ပြီး အဆိုပါ ငြင်းဆန်မှုတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ဂနာဘရီ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာရင် ဂနာဘရီကို ရောင်းထုတ်ဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဂနာဘရီကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂနာဘရီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု တချို့ ပြုလုပ်ထားပြီး ဂနာဘရီကလည်း အာဆင်နယ်ကသာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်လာရင် အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။