MySport Myanmar

ဘာစီလိုနာ လူငယ်ကြယ်ပွင့် ဖာယီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က အနာဂတ် အတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ လူငယ်ကြယ်ပွင့် အများစုကို ခေါ်ယူဖို့ စဉ်းစားထားရာ ဘာစီလိုနာရဲ့ လူငယ်ခံစစ်မှူး ဖာယီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အာဆင်နယ်က နည်းပြချုပ် အာတီတာရဲ့ ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာခဲ့ပေမယ့် အခုချိန်အထိ ကြီးမားတဲ့ ဆုဖလားတွေကို ရယူနိုင်ခြင်း မရှိသေးတာကြောင့် အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အီဒူးက လာမယ့် နွေဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် ကစားသမားတွေကို အာဆင်နယ်ဆီ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Football London

အာဆင်နယ်က ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေသလို တဖက်မှာလည်း အသင်းရဲ့ အနာဂတ် အတွက် တိုးတက်နိုင်စွမ်း ရှိတဲ့ လူငယ်ကြယ်ပွင့်တွေကို လိုက်လံ ရှာဖွေ ကင်းထောက်နေတာကြောင့် အာဆင်နယ်ရဲ့ နွေဈေးကွက် ပစ်မှတ်စာရင်းထဲမှာ လူငယ်ကြယ်ပွင့် တချို့လည်း ရှိနေပြီး အဆိုပါ ကစားသမားတွေ အနက် ဘာစီလိုနာရဲ့ လူငယ်ခံစစ်မှူး ဖာယီလည်း ပါဝင်နေပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဆီနီဂေါ လူငယ်ကြယ်ပွင့် ဖာယီက ဘာစီလိုနာ အကယ်ဒမီအသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ လူငယ်အသင်း အတွက် ၃၃ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၄ဂိုးလည်း သွင်းယူထားနိုင်ပါသေးတယ်။

Photo Credit: Standard

ဖာယီက ဘာစီလိုနာအသင်းကြီးမှာ ကစားခွင့် မရသေးပေမယ့် သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် အာဆင်နယ် အပါအဝင် ဥရောပ ထိပ်သီးအသင်း အများစုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဖာယီကလည်း ကစားခွင့် ရဖို့ မသေချာတဲ့ ဘာစီလိုနာကို စွန့်ခွာဖို့ စတင် စဉ်းစားနေပါတယ်။

နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဘာစီလိုနာမှာ ကစားခွင့် မရသေးတဲ့ ဖာယီကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပြီး ဖာယီရဲ့ တန်ကြေးဟာ ယူရို ၁၅သန်း ဝန်းကျင် ရှိကာ အာဆင်နယ်က ဖာယီအတွက် အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေရန် လိုလားနေကြောင်း သိရှိရပါတယ်။

Exit mobile version