ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ စပိန် ညာနောက်ခံလူ ဘယ်လာရင်ရဲ့ နေရာအတွက် ဘာကာနောက်ခံလူ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းမှာ ကာလရှည် အဓိက ညာနောက်ခံလူ ဖြစ်ခဲ့တဲ့ ဘယ်လာရင်ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာတော့ အသင်းကို စွန့်ခွာဖို့ နီးစပ်နေသူ ဖြစ်ပြီး အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အင်တာမီလန်အသင်းဟာ ဘယ်လာရင်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ပြီး ဘယ်လာရင်ရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေလည်း စတင်နေပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်အသင်းဟာ ဘယ်လာရင်ရဲ့ နေရာကို အစားထိုးနိုင်မယ့် ကစားသမားတွေကို စတင် ရှာဖွေနေတာ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ လူငယ် ကြယ်ပွင့် ဆာဂျီနို ဒက်စ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တဦး ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနက ဆိုပါတယ်။

Photo Credit: Metro

ဥရောပ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ SPORT သတင်းဌာနကလည်း Metro သတင်းဌာနရဲ့ ဖော်ပြမှုကို အတည်ပြုပေးထားပြီး အာဆင်နယ်အသင်းဟာ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာသလို အာဆင်နယ်နည်းပြ အာတီတာကလည်း တိုးတက်မှုတွေ အများကြီး ရှိလာနိုင်တဲ့ ဒက်စ်ကို ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အမေရိကန် ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အေဂျက်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၃.၈သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဟာ လတ်တလောမှာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဆာဂျီနို ဒက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းခန့် ရရှိရုံနဲ့ ရောင်းချနိုင်ချေ ရှိပါတယ်။