ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က လာမယ့်ရာသီအတွက် အားဖြည့်မှု အဖြစ် အသင်းရဲ့ အကယ်ဒမီ ကစားသမားဟောင်း ဖြစ်သလို လာမယ့် နွေဈေးကွက်မှာ ဘွန်ဒက်လီဂါနာမည်ကြီးကလပ် ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ မာလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ အခြေအနေ ကောင်းနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အထိ ရောက်နေပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားက ဥရောပ ထိပ်သီးအသင်းတွေနဲ့ ယှဉ်လိုက်ရင် အားနည်းနေဆဲပါပဲ။

Photo Credit: Goal

အထူးသဖြင့် အာဆင်နယ်က တိုက်စစ်ပိုင်းမှာ ဂါဘရီရယ် ဂျေဇူး ၊ အန်ခီးတီးယားနဲ့ ကိုင် ဟားဗက်ဇ် စတဲ့ တိုက်စစ်မှူး ၃ဦးကိုသာ ပိုင်ဆိုင်ထားသလို အဆိုပါ ၃ဦးအနက် ဂျေဇူးနဲ့ ဟားဗက်ဇ်တို့က အထောင်တိုက်စစ်ထက် နောက်ချန်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာသာ ကစားဖို့ စိတ်အားထက်သန်ကြသလို အန်ခီးတီးယားကလည်း ထိပ်တန်း တိုက်စစ်မှူး တဦး မဟုတ်သေးပါဘူး။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသင်းအတွက် တိုက်စစ်မှူးသစ် ၁ဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လတ်တလောမှာ အာဆင်နယ်ရဲ့ ကင်းထောက်တွေက ဥရောပတလွှားမှာ ရှိတဲ့ လူငယ်တိုက်စစ်မှူးတွေ ၊ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို လိုက်လံ ကင်းထောက်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး ဂျာမဏီသတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန်တိုက်စစ်မှူး မာလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ် အပြင် မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး စတဲ့ အသင်းတွေကလည်း မာလန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရှိရပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူး မာလန်က ညာခြေအားသန် တိုက်စစ်မှူး ဖြစ်ပြီး သူက အထောင်တိုက်စစ်နဲ့ ညာတောင်ပံမှာ ကောင်းကောင်း ကစားနိုင်ကာ မာလန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားကာ သူ့ရဲ့ တန်ကြေးကတော့ ယူရို ၃၅သန်း ဝန်းကျင် ရှိပါတယ်။