ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆောက်သမ်တန်နဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အယ်ဘေးနီးယား တိုက်စစ်မှူး ဘရော်ဂျာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အူဘာမီယန်းကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့သလို အသင်းရဲ့ လက်ကျန် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ လာကာဇက်နဲ့ အန်ခီးတီးယားတို့ကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ယခုချိန်အထဲက စတင် စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: BBC

အသက် ၂၀ အရွယ် အယ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဘရော်ဂျာဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးကနေ ဆောက်သမ်တန်ထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေသူ ဖြစ်ပြီး ဆောက်သမ်တန် အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ဘရော်ဂျာဟာ တိုးအား ရုန်းအား ကောင်းသလို အကြောက်အလန့် မရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ဆောက်သမ်တန်က သူ့ကို အပြီးသတ် ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး ချယ်လ်ဆီး ကတော့ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ရရှိရင် ဘရော်ဂျာကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: BBC

လန်ဒန်မြို့ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက် အရ အာဆင်နယ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ငယ်ရွယ်ပြီး တက်လမ်းရှိတဲ့ လူငယ် အထောင် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားကာ အိုင်ဆက် ၊ ဂျိုနသန် ဒေးဗစ် စတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူချင်ပေမယ့် အဆိုပါ တိုက်စစ်မှူးတွေရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားနေတာကြောင့် ဘရော်ဂျာလို ပရီးမီးယားလိဂ်နဲ့ အသားကျကာ အလားအလာ ရှိတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အာဆင်နယ်ရဲ့ ကင်းထောက် တချို့ဟာ မန်ချက်စတာ ယူနိုက်တက် ၁-၁ ဆောက်သမ်တန် ပွဲစဉ်ကို လာရောက် ကြည့်ရှုကာ ဘရော်ဂျာရဲ့ ခြေစွမ်းကို အကဲခတ်ခဲ့ကြောင်းနဲ့ ဘရော်ဂျာရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက်မှုတွေ ရှိနေကြောင်းလည်း သိထားရပါတယ်။