MySport Myanmar

ဆောင်းဈေးကွက်မှာ ဒေါက်ဂလပ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က မကြာခဏ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတို့ရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် လာမယ့် ဆောင်းဈေးကွက်မှာ အက်စ်တွန်ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

အာဆင်နယ်က ဗဟိုကွင်းလယ်ပိုင်းမှာ ဒီကလန်ရိုက်စ် ၊ ပါတေး ၊ ဂျော်ဂျင်ဟို ၊ အယ်နီနီ စတဲ့ ကစားသမား ၄ဦးကို ပိုင်ဆိုင်ထားရာ ဂျော်ဂျင်ဟိုနဲ့ အယ်နီနီတို့က အကျပိုင်းကို ရောက်နေတာကြောင့် ဒီကလန်ရိုက်စ်နဲ့ ပါတေးတို့ကိုသာ အားကိုးနေရပေမယ့် ပါတေးကလည်း မကြာခဏ ဒဏ်ရာရနေပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြချုပ် မီခေး အာတီတာက လာမယ့် ဆောင်းဈေးကွက်မှာ ပါတေးရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပြီး အာဆင်နယ်ရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ ဗီလာကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်ပါပဲ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ မကြာသေးမီကမှ ဒဏ်ရာ ထပ်ရသွားတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ကွင်းလယ်လူသစ် တဦး ခေါ်ယူဖို့ လှုပ်ရှားနေပြီး အာဆင်နယ်ရဲ့ ကာလရှည်ပစ်မှတ် ဖြစ်ခဲ့တဲ့ အက်စ်တွန်ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်ဟာ အီဒူးနဲ့ အာတီတာတို့ရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် အက်စ်တွန်ဗီလာကလည်း ဒီရာသီမှာ ဥရောပဝင်ခွင့် တနေရာစာကို သိမ်းပိုက်နိုင်ဖို့ ရည်မှန်းထားတာကြောင့် သူတို့ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ဒေါက်ဂလပ် လူးဝစ်ဇ်ကို အလွယ်တကူ လက်လွှတ်ဖို့ စိတ်ကူးမရှိကြောင်းလည်း ဖာဘီဇီယို ရိုမာနိုက ဆိုပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကောင်းကောင်း ကစားနိုင်သူ ဖြစ်ပြီး အာဆင်နယ်က ဒေါက်ဂလပ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ ၂နှစ် ၊ ၃နှစ် နီးပါး စောင့်ကြည့်နေခဲ့တာ ဖြစ်ကာ ဗီလာကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ အတွက် ပေါင် ၄၀သန်း ဝန်းကျင် တောင်းဆိုနိုင်ပါတယ်။

Exit mobile version