အာဆင်နယ်အသင်းကတော့ ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ ခံစစ်ကစားသမား ရီကာဒို ကာလာဖီအိုရီကို ဒီနွေဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းလျက် ရှိနေပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ရိုမာနိုက သတင်းထုတ်ပြန်ထားပါတယ်။
အသက် (၂၂)နှစ်အရွယ် ရိုးမားအကယ်ဒမီထွက် အရည်အသွေးမြင့် ခံစစ်ကစားသမား ကာလာဖီအိုရီဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ပါဝင်ကစားခွင့် ရခဲ့ရင်းနဲ့ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ရပါတယ်။
Photo Credit : Opta Analyst
ခံစစ်မှာဆိုရင် အီတလီလို့ ပြောရလောက်အောင် အီတလီ ခံစစ်ကစားသမားတွေရဲ့ ခံစစ်စွမ်းဆောင်ရည်တွေက ကောင်းမွန်လွန်းတာကြောင့် ယူရိုမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အီတလီ ခံစစ်မှူးလေး ကာလာဖီအိုရီကို ဂျုဗင်တပ်စ် အာဆင်နယ် လီဗာပူးလ် ချယ်လ်ဆီး လေဗာကူဆင် ရီးယဲလ်တို့ကနေ အပြိုင် စိတ်ဝင်စားလာကြပါတယ်။
ဒါပေမယ့် ကစားသမားထံ ချဉ်းကပ်မှုအပိုင်းမှာတော့ အာဆင်နယ်နဲ့ နည်းပြအာတီတာတို့ရဲ့ ချဉ်းကပ်မှုက ကာလာဖီအိုရီအတွက် စိတ်ကျေနပ်စရာတွေ ဖြစ်နေခဲ့တာကြောင့် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လာခဲ့ပြီး အာဆင်နယ်နဲ့ ကစားသမားတို့ကြားမှာပါ သဘောတူညီမှုတွေ ရရှိထားသလိုအထိ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Football Transfer
ဒါကြောင့် အာဆင်နယ်အနေနဲ့ ကာလာဖီအိုရီကို ခေါ်ယူနိုင်ဖို့အတွက် ကာလာဖီအိုရီရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိနိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။ သတင်းတချို့မှာ အာဆင်နယ်ဘက်က ကာလာဖီအိုရီအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီဆိုပြီး ဖော်ပြထားပေမယ့်လည်း အခုထိတော့ တရားဝင် ကမ်းလှမ်းမှုက မရှိသေးပဲ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေသာ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ရိုမာနိုက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အာဆင်နယ်နဲ့ ဘိုလော့ဂ်နာအသင်းတို့ကြားမှာ တိုမီယာစု အပြောင်းအရွှေ့ကတည်းက အသင်းနှစ်သင်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိထားခဲ့တာကြောင့် အခု ကာလာဖီအိုရီအတွက် ဆွေးနွေးမှုဟာလည်း အဆင်ပြေ ချောမွေ့သွားဖွယ် ရှိနိုင်ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀) (၅၅)သန်းကြားနဲ့ သဘောတူညီမှု ရရှိဖွယ် ရှိနေပါတယ်။