MySport Myanmar

ဖာဘီယန်ရုစ်ဇ်ကို ယူနိုက်တက်နဲ့အပြိုင် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် နာပိုလီအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဖာဘီယန်ရုစ်ဇ်ကို ခေါ်ယူသွားနိုင်ဖို့ ပစ်မှတ်ထားနေလျက်ရှိပြီး ပရီးမီးယားလိဂ်က ပြိုင်ဘက်ကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ရနိုင်ဖွယ် ရှိနေပေမယ့်လည်း အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

Photo Credit : TEAMtalk

Metro သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်ထဲမှာပဲ အသင်းအတွက် ထိပ်တန်း ကွင်းလယ်လူတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်ခဲ့ပေမယ့် သူတို့ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတွေကို တစ်ဦးတစ်ယောက်မှ မခေါ်ယူနိုင်ခဲ့တာကြောင့် လာမယ့်နွေမှာတော့ ကွင်းလယ်လူတစ်ဦးကို အရခေါ်ယူဖွယ် ရှိနေပါတယ်။ အဲ့ဒီအတွက်လည်း အာဆင်နယ်က နာပိုလီအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ ဖာဘီယန်ရုစ်ဇ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : Daily Express

အာဆင်နယ်အသင်းနည်းပြ မီခယ်အာတီတာက အသက်(၂၅)နှစ်အရွှယ် စပိန်ကွင်းလယ်လူ ဖာဘီယန်ရုစ်ဇ်ကို နှစ်သက်သဘောကျသူဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးနဲ့အတူ အသင်းရဲ့ကွင်းလယ်မှာ ဖာဘီယန်ရုစ်ဇ်ကို တွဲဖက်အသုံးပြုသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ ကွင်းလယ်ဗဟို ကစားသမား ရုစ်ဇ်က ၂၀၁၈ခုနှစ်ကမှ လာလီဂါကလပ် ဘက်တစ်အသင်းကနေ နာပိုလီအသင်းဆီကို ယူရိုသန်း(၃၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နာပိုလီကို စတင်ရောက်ရှိလာကတည်းက အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ လက်ရှိအချိန်ထိ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း(၁၅၀)ကျော်အထိ ပါဝင်ကစားထားခဲ့တဲ့ ဖာဘီယန်ရုစ်ဇ်ကို အာဆင်နယ်အသင်းက အလိုရှိနေသလို လာမယ့်နွေမှာ ပေါလ်ပေါ့ဘာကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ ယူနိုက်တက်အသင်းပါ ရုစ်ဇ်ကို ခေါ်ယူသွားဖို့ စီစဉ်လို့နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းက ရုစ်ဇ်ကို ခေါ်ယူဖို့အတွက် ပိုမို အခြေအနေကောင်းနေရပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၆)သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။

Exit mobile version