ပြီးခဲ့တဲ့ ပြင်သစ်လီဂူး ပွဲစဉ်(၆)ရဲ့ ပရိသတ် စိတ်ဝင်အစားဆုံး ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ လိုင်ယွန်အသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ အိမ်ရှင်ပီအက်စ်ဂျီဘက်က တိုက်စစ်ပိုင်းအတွက် မက်ဆီ နေမာ ဘာပေ ဒီမာရီယာတို့ကို ပွဲထွက်လာခဲ့ပြီး ကစားသမားသစ် မက်ဆီမှာလည်း သူရဲ့ ပီအက်စ်ဂျီကစားသမားဘဝ လီဂူးအိမ်ကွင်းပွဲ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့ရပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဂိုးကံခေခဲ့ရသလို ပွဲချိန်ပြည့်ပါ မကစားခဲ့ရပဲ ပွဲပြီးခါနီး (၁၅)မိနစ်အလိုမှာ လူစားလဲခံခဲ့ရပါတယ်။

Photo Credit : Football Reporting

မက်ဆီကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တဲ့ ပီအက်စ်ဂျီနည်းပြ မာရီစီယိုပိုချက်တီနိုကို မက်ဆီက လက်ဆွဲနှုတ််ဆက်ဖို့ ငြင်းဆန်ခဲ့ပြီး သူတို့နှစ်ဦးကြားမှာလည်း စကားစမြည် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ နယ်မြေသစ်မှာ အထိုင်ကျဖို့ ကြိုးပမ်းနေရတဲ့ မက်ဆီကို ပွဲချိန်ပြည့် ကစားခွင့်မပေးပဲ လူစားလဲခဲ့တဲ့ ပိုချက်တီနိုရဲ့ ဆုံးဖြတ်ချက်အပေါ် ပရိသတ်များစွာကနေ ဝေဖန်ထားကြပြီး ပိုချက်တီနိုကတော့ ဒီအခြေအနေပေါ် ပြန်လည်ဖြေရှင်းထားခဲ့ပြီး လူစားလဲခဲ့စဉ်အတွင်း ကွင်းဘေးစည်းမှာ မက်ဆီရဲ့ အခြေအနေကို မေးမြန်းခဲ့ရာ မက်ဆီကလည်း ကောင်းတယ်လို့သာ ဖြေကြားခဲ့တယ်လို့ ဖြေရှင်းပြောဆိုခဲ့ပါတယ်။

Photo Credit : Football Reporting

မက်ဆီ ပိုချက်တီနိုတို့ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မက်ဆီရဲ့အသင်းဖော်ဟောင်းလည်းဖြစ် အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီးလည်းဖြစ်တဲ့ သီယာရီအွန်နရီက “ဒီကိစ္စတွေက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာမျိုး ဖြစ်မနေပါဘူး။ မက်ဆီကိုယ်တိုင်ကိုက လူစားလဲတာမျိုးကို မဖြစ်စေချင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘာတွေပြောဆိုခဲ့သလဲဆိုတာကို ကျွန်တော်တို့လည်း မသိနိုင်ဘူး။ ဒီ အငြင်းပွားဖွယ်ရာ ကိစ္စရပ်အကြောင်းကို ပြန်စတင်ပဲ နေရအောင်။ မက်ဆီကတော့ သေချာပေါက် ပွဲကို ဆက်လက်ကစားချင်မှာ သေချာတယ်။ ဒါမှလည်း သူ ဂိုးသွင်းနိုင်မှာကို” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒီနှစ်နွေစျေးကွက်ကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြိုင်ပွဲစုံ(၃)ပွဲ ပါဝင်ကစားထားပြီးနောက်မှာ သွင်းဂိုးရယူနိုင်ခြင်း မရှိပေမယ့်လည်း လိုင်ယွန်အသင်းကို အနိုင်ရခဲ့တဲ့ လီဂူးပွဲစဉ်အတွင်းမှာတော့ ပထမပိုင်း ပွဲကစားချိန်အတွင်း အကောင်းဆုံးစွမ်းရည်တွေ ပြသခဲ့ပြီး ဖရီးကစ်ကန်သွင်းမှုမှာလည်း ဂိုးလုနီးပါး ဖြစ်ခဲ့ကာ ဂိုးတိုင်ထိထွက်ခဲ့ရပါတယ်။