အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား မြင့်တင်ဖို့အတွက် ဘရိုက်တန်အသင်းရဲ့ အီကွေဒေါ ကွင်းလယ်ကစားသမား မွိုက်စ်ကိုင်စီဒိုကို ပြောင်းရွေ့ကြေး ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ဆောင်းရာသီ ဈေးကွက်အတွင်း ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ထရိုဆက်ဒ်နဲ့ စပီဇီယာ နောက်ခံလူ ခီဗီယောတို့ကို ခေါ်ယူထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဈေးကွက်မပိတ်ခင်မှာ ကွင်းလယ်ကစားသမားတစ်ဦး ထပ်မံ ခေါ်ယူသွားချင်တာကြောင့် ကိုင်စီဒိုကို မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် တောင်အမေရိက ကစားသမားဖြစ်သူ ကိုင်စီဒိုကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတိုင်းက ခေါ်ယူချင်နေပြီး ချယ်လ်ဆီးအသင်းဆိုရင်လည်း ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ ဒီကမ်းလှမ်းချက်ကိုတော့ ဘရိုက်တန်ဘက်က ပယ်ချသွားခဲ့ပါတယ်။

Photo Credit : The Sun

လာမယ့်နွေမှာ အသင်း ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ အခု ဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးရဲ့ ပစ်မှတ်ဖြစ်တဲ့ ကိုင်စီဒိုကို ကြားဖြတ် ခေါ်ယူဖို့ စတင် ဆောင်ရွက်လာခဲ့ပြီး ပေါင်သန်း(၆၀)နဲ့ပါ ကမ်းလှမ်းထားသလို အရ ခေါ်ယူနိုင်ဖို့ကိုလည်း တွန်းအားပေး လုပ်ဆောင်နေပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ သောမတ်စ်ပါတေး ဂရန်းနစ်ချာကာတို့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်တယ် ဆိုပေမယ့်လည်း ဒီကစားသမားတွေကလွဲရင် ကျန်တဲ့ ကွင်းလယ်ပိုင်း ကစားသမားစစ်စစ်တွေရဲ့ အရည်အသွေးက အားရစရာ အနေအထားမှာ ရှိမနေသေးတာကြောင့် ဈေးကွက်မပိတ်ခင်မှာ ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဘရိုက်တန်က သူတို့ကစားသမားကို ရောင်းချသွားဖို့ စိတ်ကူးမရှိပဲ တကယ်လို့ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင် ကိုင်စီဒိုအတွက် ပေါင်သန်း(၁၀၀)လောက်နဲ့ ကမ်းလှမ်းရမယ်လို့ သတိပေးထားတာကြောင့် ကိုင်စီဒိုကို လိုချင်နေတဲ့ ချယ်လ်ဆီးတောင် အဲဗာတန် ကွင်းလယ်လူ အိုနာနာဘက် လှည့်သွားခဲ့ရတာ ဖြစ်ပါတယ်။