အာဆင်နယ်အသင်းကတော့ မနေ့ညက သူတို့ရဲ့အိမ်ကွင်း အမ်းမရိတ်စ်မှာ ဆောက်သမ်တန်အသင်းကို ဧည့်ခံကစားခဲ့ပြီး အသင်းသားဟောင်း သီအိုဝေါလ်ကော့ရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်ခံထားခဲ့ရပေမယ့်လည်း အသင်းခေါင်းဆောင် အူဘာမီယန်းက ဒုတိယပိုင်း စတင်ပြီး မိနစ်အနည်းငယ်အကြာမှာ ပြန်လည်ချေပပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးပြန်သွင်းအပြီး ဆယ်မိနစ်အကြာမှာပဲ နောက်ခံကစားသမား ဂါဘရီရယ် (၂)ဝါ(၁)နီနဲ့ အထုတ်ပယ်ခံလိုက်ရလို့ လက်ကျန်ပွဲချိန်တွေကို ကစားသမား(၁၀)ယောက်တည်းနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရကာ တစ်ဂိုးစီနဲ့ပဲ ပွဲကိုအဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : The Sun

ဒါဟာ အာဆင်နယ်အသင်းအတွက်တော့ မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရခဲ့တဲ့ (၆)ပွဲမြောက်ပွဲစဉ် ဖြစ်လာခဲ့ရပါတယ်။ အာဆင်နယ်ရဲ့လက်ရှိအခြေအနေတွေဟာ အတော်လေးကို ဆိုးရွှားလျက်ရှိလို့နေပြီး အမှတ်ပေးပွဲ (၁၃)ပွဲ ကစားထားပြီးချိန်မှာ အသင်းရဲ့တိုက်စစ်ပိုင်းက သွင်းဂိုး(၁၁)ဂိုးသာ ရယူထားနိုင်ခဲ့သလို ဒီနေ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ အူဘာမီယန်းဆိုရင်လည်း ဒီဂိုးက သူရဲ့ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် သွင်းယူခဲ့တဲ့ အိမ်ကွင်းသွင်းဂိုး ဖြစ်ခဲ့ရတဲ့အထိကို ဂိုးသွင်းစွမ်းရည်က သိသိသာသာ ကျဆင်းလွန်းနေခဲ့ရပါတယ်။

Photo Credit : The Sun

ဒါတွေအပြင် အာဆင်နယ်ဟာ ယူနိုက်တက်ကို အနိုင်ယူခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်းမှာ အနီကတ်(၃)ကြိမ်အထိကို ပြသခံခဲ့ရပါသေးတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ နီကိုလပ်စ်ပေပေ အထုတ်ခံခဲ့ရသလို ဘန်လေကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ကွင်းလယ်လူချာကာ အထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင်ကို မနေ့ညကပွဲမှာလည်း ဂါဘရီရယ်ပါ ထပ်မံအထုတ်ခံခဲ့ရပြီး အထုတ်ခံခဲ့ရတဲ့ ကစားသမားတိုင်းဟာလည်း လက်ကျန်ပွဲကစားချိန်တွေ များစွာကျန်ရှိနေသေးတဲ့ အချိန်တွေမှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်လို့ အသင်းအတွက် အတော်လေးကို နစ်နာစေခဲ့ရပါတယ်။ ဒီလိုကစားသမား(၃)ဦး အနီကတ်(၃)ကြိမ်ထိ ပြသခံခဲ့ရတဲ့ ကာလအတွင်းမှာတော့ အသင်းရဲ့တိုက်စစ်ပိုင်းက ဝုလ်ဗ်ကို (၁)ဂိုး(၂)ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးနဲ့ အခု ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး စုစုပေါင်းနှစ်ဂိုးသာ ရယူနိုင်ခဲ့တာကြောင့် တစ်လခွဲနီးပါးဆိုတဲ့ ကာလအတွင်း အာဆင်နယ်အသင်းဟာ သွင်းဂိုးအရေအတွက်ထက် အနီကတ်အရေအတွက်ကိုသာ ပိုမိုရရှိလို့နေရပါတယ်။