အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဒေါက်ဂလပ် လူးဝစ်ဇ်ကို ခေါ်ယူသွားချင်ပေမယ့် ဗီလာဘက်က လူးဝစ်ဇ်အတွက် သတ်မှတ်ထားတဲ့ တန်ကြေး အလွန်မြင့်မားလွန်းနေတာကြောင့် တခြားသော ကွင်းလယ် options တွေကိုသာ စဥ်းစားလာခဲ့ပါတယ်။

အာဆင်နယ် အလိုရှိနေတဲ့ မန်စီးတီး ကစားသမားဟောင်း လူးဝစ်ဇ်ကို ဗီလာအသင်းက လာမယ့်စျေးကွက်တွေထဲမှာ လုံးဝ ရောင်းချသွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေတာကြောင့် သူတို့ကစားသမားအတွက် အလွန်မြင့်မားလွန်းတဲ့ တန်ကြေး ပေါင် သန်း(၁၁၀)အထိ စျေးသတ်မှတ်ထားလိုက်ပါတယ်။

Photo Credit : Pain in the Arsenal

ဒါကြောင့် အာဆင်နယ်က ဒေါက်ဂလပ် လူးဝစ်ဇ်အစား တခြားသော ကွင်းလယ် options တွေကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ရာ လက်ရှိမှာတော့ ဖူလ်ဟမ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဂျာအို ပါလင်ညာကို ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ပါလင်ညာကို ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ဖူလ်ဟမ်အသင်းဆီကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နွေရာသီမှ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဖူလ်ဟမ်ကို ရောက်ရှိလာပြီး တစ်ရာသီအတွင်းမှာပဲ အလွန် ခြေစွမ်းပြနိုင်ခဲ့သူ ပါလင်ညာကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်အသင်းတွေအပြင် ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားခဲ့ပြီး ဒီနွေမှာပဲ ဘိုင်ယန်ကို ယူရို (၆၅)သန်းနဲ့ ရောက်ရှိဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။

ဘိုင်ယန်နဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ပြီးနောက် ဖူလ်ဟမ်နဲ့ ၂၀၂၈ခုနှစ်အထိပါ သက်တမ်းတိုးလိုက်တဲ့ ပါလင်ညာဟာ အခွင့်အရေးရမယ်ဆိုရင် အသင်းကြီး တစ်သင်းသင်းဆီ ပြောင်းရွှေ့ကစားချင်နေတာကြောင့် သူ့ကို ကွင်းလယ်လူတစ်ဦး အလိုရှိနေတဲ့ အာဆင်နယ်က စောင့်ကြည့်နေလျက် ရှိနေပါတယ်။