MySport Myanmar

ဂျာအိုဖေးလစ်ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်က ရေပန်းအစားဆုံး ဖြစ်နေ

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်ဟာ လာမယ့် ဆောင်းဈေးကွက်မှာ အသင်း အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိနေပြီး သူ့ကိုလည်း ကလပ်အသင်းများစွာက ခေါ်ဆောင်ဖို့ စိတ်ဝင်စားလျက်ရှိနေရာ လက်ရှိမှာတော့ အာဆင်နယ်အသင်းက ဖေးလစ်ကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဖေးလစ်ဟာ အသက်လက်တီကိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနှစ်ရာသီမှာတော့ အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ဖေးလစ်ကို ပုံမှန်ကစားခွင့်တွေ အကန့်အသတ်နဲ့သာ ခွင့်ပြုထားခြင်းအပေါ် ဖေးလစ်ဘက် စိတ်ပျက်နေတာကြောင့် အသင်းနဲ့ အလျင်အမြန် လက်တွဲဖြုတ်သွားချင်နေပါတယ်။ အသက်(၂၃)နှစ်သာ ရှိနေသေးတဲ့ ပေါ်တူဂီကြယ်ပွင့်လေး ဖေးလစ်ကို ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက် အာဆင်နယ်နဲ့ ဗီလာအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပြီး Marca သတင်းစာရဲ့ ဖော်ပြချက်မှာတော့ အာဆင်နယ်အသင်းက အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : Goal

အာဆင်နယ်အသင်းဟာ ဒီရာသီထဲ ခြေစွမ်းပိုင်း ရလဒ်ပိုင်း အကောင်းဆုံး အနေအထားမှာ ရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ အသင်းက ပရီးမီးယားလိဂ် (၁၄)ပွဲကစားပြီးချိန်မှာ ရှုံးပွဲ(၁)ပွဲ သရေပွဲ(၁)ပွဲသာ ရှိထားခဲ့ပြီး ကျန်တဲ့(၁၂)ပွဲလုံး အနိုင်ရထားခဲ့သလို ဒုတိယနေရာက မန်စီးတီးကိုလည်း (၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဂါဘရီရယ်ဂျေဇူးက ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လအနည်းငယ်အထိ အနားယူရတော့မှာဖြစ်လို့ ဂျေဇူးနေရာအတွက် ကစားသမား ဖြည့်တင်းဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်က တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖယ်ရန်တောရက်စ် မန်ဖစ်ဒီပိုင်း ဂျာအိုဖေးလစ်တို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ရတာဖြစ်ပြီး ရှက်တာဒိုးနက်ရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး မူဒရစ်နဲ့လည်း သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိလို့နေပါတယ်။

Exit mobile version