ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက ကစားသမားသစ် ခေါ်ယူမှုတွေကို အတော်လေး လုပ်ဆောင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ကွင်းလယ်တိုက်စစ်ပိုင်းအတွက်ကိုလည်း မနှစ်က အငှားနဲ့ ခေါ်ယူထားခဲ့ဖူးတဲ့ နော်ဝေကစားသမားဖြစ်သူ မာတင်အိုဒီဂွာကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဒီကစားသမားကို မကမ်းလှမ်းခင်က တခြားရီးယဲလ်ကစားသမားဖြစ်သူ အဆန်စီယိုကိုပါ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ပယ်ချခံခဲ့ရတယ်လို့ သိရှိရပါတယ်။

Photo Credit : AP

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ ဘင်ဝှိုက် တာမီယာစု တာဗာရက်စ် လိုကွန်ဂါ ရမ်းစ်ဒေးလ်နဲ့ အော်ဒီဂွါတို့လို ကစားသမားသစ်တွေကို များစွာခေါ်ယူထားခဲ့ပြီး အသင်းကို ပြန်လည်တည်ဆောက်ထားခဲ့တာ ဖြစ်ပေမယ့်လည်း ရာသီအစပိုင်းမှာ ရလဒ်တွေ တောက်လျှောက်ဆိုးရွှားနေခဲ့ရကာ ဒီနောက်ပိုင်းမှသာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ကစားသမား (၆)ဦးလောက်အထိကို ခေါ်ယူထားခဲ့ပေမယ့်လည်း သူတို့အသင်းက တကယ်အလိုရှိနေခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ မားကို့အဆန်စီယိုကိုတော့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာမှာ အောင်မြင်ခြင်း မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

Photo Credit : Football Reporting

အာဆင်နယ်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားဖြစ်သူ အဆန်စီယိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၄)သန်းနဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းချက်ကို ရီးယဲလ်အသင်းဘက်ကရော ကစားသမားဘက်ကပါ ပယ်ချခဲ့သလို အဆန်စီယိုအနေနဲ့ သူရဲ့အနာဂတ်က ရီးယဲလ်မှာ ဆက်ရှိနေဦးမယ်လို့ ယုံကြည်တာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ အဆန်စီယိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လာလီဂါနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအတွင်း (၇)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သူရဲ့အသင်းဟောင်း မာယော့ကာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လာလီဂါပွဲစဉ်အတွင်းမှာပဲ ရီးယဲလ်အတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှသာ ပွဲထွက်ကစားခွင့်တွေ ရရှိလာတဲ့ အဆန်စီယိုကို အာဆင်နယ်အသင်းအပါအဝင် စပါးနဲ့ အေစီမီလန်အသင်းတွေကနေ လာမယ့်ဆောင်းစျေးကွက်အတွင်း ခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားနေကြပြီး ရီးယဲလ်နည်းပြ အန်စလော့တီက အဆန်စီယိုကို အသင်းကနေ ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် အသင်းမှာသာ ဆက်လက်ထိန်းသိမ်းဖွယ်သာ ရှိနေပါတယ်။