အီတလီအခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်များအရ စီးရီးအေထိပ်သီး ကလပ်အသင်း ဂျုဗင်တပ်စ်ဟာ လတ်တလောမှာ ရိုးမားအသင်းဆီ ရောက်ရှိသွားဖို့ အလွန်နီးစပ်လျက်ရှိနေတဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာကို ရိုးမားအသင်းနဲ့ အပြောင်းအရွှေ့ အပြီးမသတ်နိုင်ခင်မှာပဲ ကြားဖြတ်ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ခြေစွမ်းပြလျက်ရှိနေတဲ့ ဆာဆူအိုလိုအသင်း ကွင်းလယ်ကစားသမား မန်နူရယ်လိုကာတယ်လီကို အရခေါ်ယူသွားဖို့ အပီအပြင် ကြိုးပမ်းလျက် ရှိနေတယ်ဆိုပေမယ့် ဒီကစားသမားကို မခေါ်ယူနိုင်ခဲ့ရင် အာဆင်နယ်အသင်းရဲ့ ဆွတ်ဇာလန်ကွင်းလယ်လူ ချာကာကို ကမ်းလှမ်းချင်နေတယ်လို့ Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွှယ် ဆွတ်ဇာလန် အသင်းခေါင်းဆောင် ချာကာဟာလည်း လက်ရှိမှာ ဆွတ်ဇာလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲနေတာဖြစ်သလို ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ (၁၆)သင်းရှုံးထွက်ပွဲစဉ်မှာပါ တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။

Photo Credit : CaughtOffside

ချာကာဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး လတ်တလောမှာတော့ စီးရီးအေကလပ် ရိုးမားအသင်းနဲ့ အတော်လေးကို သတင်းတွေ ထွက်ပေါ်လျက်ရှိနေသလို ပုဂ္ဂိုလ်ရေးဆိုင်ရာပါ သဘောတူညီမှု ရထားနိုင်ခဲ့တယ်လို့ သတင်းထွက်လို့နေပါတယ်။ ဒါပေမယ့် ရိုးမားအသင်းဟာ ချာကာကို ခေါ်ယူနိုင်ရေးအတွက် အာဆင်နယ်ဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ကမ်းလှမ်းလာခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့က ကြန့်ကြာလို့နေရပြီး ဒီအခြေအနေကိုလည်း ဂျုဗင်တပ်စ်ဘက်ကနေ အကောင်းဆုံး အသုံးကျသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)လောက်အထိ အလိုရှိနေတာဖြစ်ပြီး ချာကာအနေနဲ့ကလည်း အခုလို ယူရိုပြိုင်ပွဲအတွင်းမှာပါ ခြေစွမ်းပြနေတာနိုင်တာကြောင့် အာဆင်နယ်က ချာကာကို စျေးပေါပေါနဲ့ ရောင်းချသွားဖို့ ဆန္ဒမရှိနေရတာဖြစ်ပါတယ်။ ချာကာကို အလိုရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကတော့ လက်ရှိမှာ သူရဲ့အသင်းဟောင်း အာဆင်နယ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့ချင်နေပါတယ်။