အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်း ရဲ့ အကြီးအကဲတွေ အနေနဲ့ အသင်းရဲ့ နည်းပြ ဖြစ်သူ မိုက်ကယ် အာတီတာ ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေ အပေါ် အားမလို အားမရ ဖြစ်နေပြီးတော့ နည်းပြ အာတီတာ ကို ရာထူးက ထုတ်ပယ် မခံရအောင် ကြိုးစားဖို့ အတွက် သုံးပွဲ အချိန်ပေးထားကြောင်း သိရပါတယ်။ အာတီတာ အနေနဲ့ ထို သုံးပွဲမှာပါ ရလဒ်ဆိုးတွေ ထွက်ပေါ်ခဲ့ရင်တော့ ခရစ်စမတ် မတိုင်ခင် အသင်းကနေ ထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။ အာဆင်နယ် အသင်းနဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ အာတီတာ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း ကို ကိုင်တွယ်ရာမှာ စွမ်းဆောင်ရည်ကောင်း မပြသနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေရသလို ရလဒ်ဆိုးတွေကြောင့်လည်း အသင်းကနေ ထုတ်ပယ်ခံရဖို့ အတွက် ဖိအားတွေ ကျရောက်နေတာ ဖြစ်ပါတယ်။

Photo Credit: Metro

အာဆင်နယ် အသင်း အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာတော့ ၄ ပွဲသာ အနိုင်ရရှိထားကာ ၆ ပွဲအထိ ရှုံးနိမ့်ထားပြီးတော့ ၁ ပွဲသရေ ကျထားတာကြောင့် ရမှတ် ၁၃ မှတ် နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ အာဆင်နယ် လို အသင်းမျိုး အနေနဲ့ အဆိုပါ အနေအထား ဟာ လက်ခံနိုင်စရာ အနေအထားမှာ ရှိမနေတာကြောင့် နည်းပြ အာတီတာ အနေနဲ့ အမျိုးမျိုး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အာတီတာ အနေနဲ့ အဆိုပါ ဝေဖန်မှုတွေ၊ ဖိအားတွေကို ဖယ်ရှားနိုင်ဖို့ အတွက် ပွဲစဉ် သုံးပွဲ ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ဖို့ အတွက် လိုအပ်နေပါတယ်။ အာတီတာ အနေနဲ့ ယခုတစ်ပတ်မှာ ဘန်လေ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာ ဖြစ်ပြီး၊ နောက်သုံးရက် အကြာမှာတော့ ဆောက်တမ်တန် အသင်း နဲ့ ကစားရမှာ ဖြစ်ကာ နောက်တစ်ပတ် စနေနေ့မှာတော့ အဲဗာတန် နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

Photo Credit: Metro

အကယ်၍သာ အာတီတာ အနေနဲ့ အဆိုပါ သုံးပွဲမှာတောင် ရလဒ်ကောင်း ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ရင်တော့ အသင်းကနေ ထုတ်ပယ် ခံရဖို့ ရှိနေပြီး‌တော့ အသင်း တာဝန်ရှိသူတွေအနေနဲ့ အာတီတာ နေရာမှာ ဂျုဗင်တပ် အသင်းနည်းပြဟောင်း ဖြစ်သူ မာစီမီလီယာနို အလက်ဂရီ ကို ခန့်အပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ မာစီမီလီယာနို အလက်ဂရီ အနေနဲ့ ဂျုဗင်တပ် အသင်းကို နည်းပြခဲ့တာဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဖြစ်ပေမယ့်လည်း သူ့ရဲ့ နည်းဗျုဟာတွေ စွမ်းဆောင်ရည်တွေကတော့ အခုချိန်ထိ ကောင်းနေသေးတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ပါဘူး။ မာစီမီလီယာနို အလက်ဂရီ ဟာ ဂျုဗင်တပ် အသင်းကို စီးရီးအေ ဖလား လေးကြိမ်ဆက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို သူ့ရဲ့ နောက်ဆုံး ရာသီမှာလည်း အသင်းကို အဆင့် ၅ နေရာအထိ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ မာစီမီလီယာနို ဟာ ဂျုဗင်တပ် အသင်း အတွက် နည်းပြ ကောင်းတစ်ဦး ဖြစ်ခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်က ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြ ၁၀ ယောက် စာရင်းမှာလည်း ပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အာတီတာ အနေနဲ့ ကြိုးစားဖို့ရာ အတွက် သုံးပွဲကျန်ရှိနေသေးတာကြောင့် အဆိုပါ သုံးပွဲမှာ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပြီး နည်းပြ ရာထူးကို ဆက်လက် ထိန်းသိမ်း သွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ချင်စရာပါပဲ။