ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ နည်းပြ အာတီတာကို အောက်တိုဘာလ အထိ ဆက်လက် အချိန်ပေး စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ပွဲ ဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ ၂-၀ ၊ ၀-၂ ဆိုတဲ့ ရလဒ်တွေနဲ့ ဆက်တိုက် အရေးနိမ့်ခဲ့တာကြောင့် နည်းပြဖြစ်သူ အာတီတာကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ အာတီတာအပေါ် အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ပြီး လက်ကျန် နွေဈေးကွက် အတွင်းမှာလည်း အာတီတာ အတွက် ကစားသမားသစ် တဦး ထပ်မံ ခေါ်ယူပေးဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့် အာတီတာအနေနဲ့ အသင်းရဲ့ ရလဒ်ပိုင်းကို ယခုထက် ပိုမို တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး ရလဒ်တွေသာ ဆက်လက် ဆိုးရွားနေမယ် ဆိုရင် အသင်းပိုင်ရှင် ခရွန်ကီမိသားစုဟာ အာတီတာကို ရာထူးကနေ ထုတ်ပယ်ဖို့ အသင့် ရှိနေကြောင်း အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လက်ရှိမှာ အာတီတာကို ဆက်လက် ထောက်ခံထားဆဲ ဖြစ်ပေမယ့် ဝက်စ်ဘရွန်းအသင်းနဲ့ ကြားရက်မှာ ကစားရမယ့် ပွဲစဉ်ကနေ စတင်ပြီး အောက်တိုဘာလ ၂ရက်နေ့မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲအထိသာ အချိန်ရထားကာ အကယ်၍ ရလဒ်တွေသာ ဆက်လက် ဆိုးရွားနေရင် အသင်းကနေ ထုတ်ပယ်ဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ အာတီတာကိုသာ အသင်းရဲ့နည်းပြနေရာ ကနေ ထုတ်ပယ်ပြီးပါက အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး အွန်နရီကို အသင်းရဲ့ နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။