ပြင်သစ်လီဂူးရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ လိုင်လီအသင်းရဲ့ ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်ဟာ အသင်းပြောင်းဖို့အတွက် သူ့ကို ကမ်းလှမ်းထားတဲ့ အီတလီ စီးရီးအေကလပ် နာပိုလီအသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းတို့အနက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ရွေးချယ်လိုက်ပြီလို့ ပြင်သစ် သတင်းစာတွေရဲ့ အဆိုအရ သိရပါတယ်။ အသက်၂၂နှစ်အရွယ် ဗဟိုနောက်ခံလူ ဂါဘရီရယ်ဟာ သူ့ရဲ့ မြန်ဆန်လှတဲ့ ဖျက်ထုတ်ပုံတွေ ၊ ဘောလုံးပိုင်နိုင်မှုတွေ ကြောင့် နာမည်ကြီးသူ ဖြစ်ပြီး လက်ရှိ နွေရာသီမှာ လိုင်လီအသင်း ကနေ မဖြစ်မနေ ထွက်ခွာမှာ ဖြစ်ကာ ကနဦးမှာ ဥရောပအသင်း အများစုရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် အဆုံးသတ်မှာတော့ အာဆင်နယ်အသင်းနဲ့ နာပိုလီအသင်းတို့ဆီကသာ တရားဝင် ကမ်းလှမ်းမှုကို ရရှိခဲ့တာပါ။

Photo Credit: Metro

ကနဦးမှာတော့ ဂါဘရီရယ်ဟာ နာပိုလီအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတွေ ရယူထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ နိုင်ငံအသင်းဖော်တွေ ဖြစ်တဲ့ ဒေးဗစ်လူးဝစ် ၊ ဝီလီယံ ၊ မာတီနယ်လီတို့ရဲ့ တိုက်တွန်းမှုအရ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလို့ သိရပါတယ်။ လိုင်လီအသင်းကတော့ ဂါဘရီရယ်ဟာ သူတို့အသင်းကနေ မကြာမီမှာပဲ ထွက်ခွာသွားဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ဝန်ခံထားခဲ့ပြီး ဂါဘရီရယ် ပြောင်းရွှေ့ချင်တဲ့ အသင်းထံ ပြောင်းရွှေ့ခွင့် ရှိတယ်လို့ လိုင်လီအသင်းရဲ့ ဥက္ကဌ ကိုယ်တိုင်က ပြောပြခဲ့တာပါ။ လက်ရှိမှာတော့ ဂါဘရီရယ်ဟာ သူ့ရဲ့အသင်းသစ် အဖြစ် အာဆင်နယ်အသင်းကို ရွေးချယ်သွားခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဆေးစစ်မှုတွေကို လုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက်၂၂နှစ်အရွယ်သာ ရှိသေးတဲ့ ဂါဘရီရယ်အတွက် အာဆင်နယ်အသင်းဟာ လိုင်လီအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၉သန်း ပေးချေ သွားမှာ ဖြစ်ပြီး ဂါဘရီရယ်ကို တစ်ပတ် လုပ်ခလစာ ပေါင်၉၀၀၀၀+ အပိုဆုကြေးနဲ့ ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုမယ်လို့ ပြင်သစ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂါဘရီရယ် ရောက်ရှိလာတာကြောင့် အာဆင်နယ်အသင်း ပိုင်ဆိုင်တဲ့ ဗဟိုနောက်ခံလူတွေရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာပြီး ဟိုးလ်ဒင်း ၊ မူစတာဖီ ၊ ပါပါစတာသို ၊ ဒေးဗစ်လူးဝစ်တို့ဟာ ရောင်းချခံရနိုင်ဖွယ် ရှိတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ အာဆင်နယ်အသင်း ဟာ မကြာမီကမှ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့တာကြောင့် ဂါဘရီရယ်ဟာ အသင်းရဲ့ ဒုတိယမြောက် နွေရာသီခေါ်ယူမှု ဖြစ်လာတော့မယ်လို့ လည်း သိရှိရပါတယ်ခင်ဗျာ…။